မိုင်းဆတ်မြို့ UWSA ထိန်းချုပ်ရွာတွေမှာ မဲဆွယ်ဖို့ ခက်နေ

ကံသာ
2020.11.05

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ထဲက UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်တဲ့ ၁၇၁ စစ်ဒေသအတွင်းက ကျေးရွာ တွေမှာ မဲဆွယ်စည်းရုံးရေးအတွက် ၀ တပ်ဖွဲ့က ဝင်ထွက်ခွင့်မပေးထားပါဘူး။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့ မဲရုံတွေ ပိတ်သိမ်းပေးဖို့ ဆိုပြီး အဲ့ဒီဒေသမှာ ဝင်ပြိုင်မယ့် ပါတီတွေထဲက လေးခုက ရွေးကောက်ပွဲကော်မရှင်ကို  တောင်းဆိုထားပါတယ်။ UWSA ကတော့ ကပ်ဘေး ကာလဖြစ်လို့  ဖြတ်သန်းသွားလာမှုကို ကန့်သတ်ထားရတာလို့ ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ထဲက မိုင်းထလန်း၊ မိုင်းယွန်း ၊ လွယ်လန်း ၊ ဆိုက်ခေါင် ၊ ဝမ်ဟုန် ဝရွာ ရှမ်းရွာစတဲ့ ကျေးရွာအုပ်စုလေးခုဟာ ၀ တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေထဲ ပါဝင်နေပြီး  အဲဒီကျေးရွာတွေမှာ သွားရောက်မဲဆွယ်မှုကို ၀ တပ်ဖွဲ့က ကန့်သတ်နေပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ တရားမျှတမှုမဖြစ်နိုင်တဲ့အတွက် အဲဒီရွာတွေက မဲရုံတွေ ပိတ်သိမ်းပေးဖို့ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ရဲ့ ဒေသတွင်း အမတ်လောင်းတွေက  နိုဝင်ဘာလ ၃ ရက် နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာရေးသား တောင်းဆိုလိုက်တာပါ။

လားဟူ  ပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က ပါတီတွေ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ၀ ထိန်းချုပ်ရာ နယ်မြေထဲ ဝင်တဲ့ ဝမ်ဟုန်ဂိတ်မှာ စစ်ဆေးခံကြရပြီး မြန်မာလိုရေးထားတဲ့ ခွင့်ပြုစာတွေပြတာကို လက်မခံတဲ့အတွက် သွားခွင့်မရခဲ့ဘူးလို့ RFA ကို ပြောပါတယ်။ အဲဒီ ကျေးရွာတွေက မဲဆန္ဒရှင်တွေလည်း မဲပေးမှုနဲ့ ပတ်သက်ပြီး ဖိအားပေးခံနေရတယ်လို့ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။

အဲဒီ ကျေးရွာအုပ်စုလေးခုမှာ မဲပေးနိုင်သူ နှစ်သောင်းနှစ်ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၁၂ ရုံရှိတယ်လို့ ဆိုပါတယ်။

ဝ၊ ရှမ်း၊ လားဟူ၊ အခါ စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ အဲဒီဒေသမှာ မဲဆွယ်စည်းရုံးရေးသွားဖို့ မူလထဲက သက်ဆိုင်ရာခရိုင် ရွေးကောက်ပွဲကော်မရှင်၊ ၀ ဆက်ဆံရေးရုံး တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီတွေကြား ကြိုတင် ညှိနှိုင်းခဲ့ကြပေမယ့် လက်တွေ့ မဲဆွယ်ကာလ ကွင်းဆင်းရာမှာတော့ ဝင်ရောက်ခွင့်မပြုတော့တာလို့ NLD ရဲ့ မိုင်းဆတ်မြို့နယ်   အမှတ် ၂ မဲဆန္ဒနယ် အမတ်လောင်း ဦးခင်မောင်ဦးက ပြောပါတယ်။

UECစာရင်းတွေအရ ၂၀၁၀ ပြည့်နှစ်က  မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်တွေမှာ လားဟူပါတီ၊ SNDP နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီတို့ပဲ ဝင်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၅ မှာတော့ အဲဒီပါတီတွေအပြင် ဝအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ အာခါတိုင်းရင်းသားပါတီတို့လည်း ပါဝင်ခဲ့ပါတယ်။

ရှမ်းအရှေ့ ဝ အထူးဒေသ ၁၇၁ စစ်ဒေသ တာဝန်ရှိသူတွေကတော့  လွတ်လပ်စွာ မဲဆွယ်ခွင့်ရနိုင်ဖို့ ၂၀၁၀-၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာလည်း ပူးပေါင်းခဲ့ကြောင်း၊ ဒီနှစ်မှာတော့ ကပ်ဘေးကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အဲဒီဒေသ မဲဆွယ်စည်းရုံးရေးလာမယ့်သူတွေကို ကြိုတင်စာရင်း ပေးဖို့ တောင်းဆိုထားကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုတွေရှိသလို  မဲဆွယ်စည်းရုံးရေးလာသူတွေ လုံခြုံစွာ သွားနိုင်ရေးအတွက် ဂိတ်အသီးသီးကို အကြောင်းကြားရတာကြောင့် အချိန်ကြာမြင့်ကို သည်းခံပေးကြဖို့၊ အထင်မလွဲကြဖို့ အသိပေးလိုကြောင်း ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့က UWSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကလည်း လက်ရှိဖြစ်စဉ်ဟာ နားလည်မှုလွဲခြင်း သာဖြစ်ကြောင်း ပြောပါတယ်။

၀ အမျိုးသားပါတီ ရှမ်းပြည်အရှေ့ပိုင်းတာဝန်ခံလည်းဖြစ် မိုင်းတုံမဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် လောင်းလည်းဖြစ်တဲ့ဒေါက်တာ ဇော်လတ်က ပါတီတွေအနေနဲ့ စည်းရုံးရေးအတွက် ခွင့်ပြုချက်တောင်းခံပြီး သွားလာရာမှာ တားဆီးပိုင်ခွင့်မရှိပေမယ့် ကျန်းမာရေးစစ်ဆေးတာဆိုရင်တော့ လက်ခံရမှာဖြစ်ကြောင်း၊  ဝတပ်ဖွဲ့ နဲ့ ပါတီတွေကြား နားလည်မှုလွဲတာဖြစ်နိုင်ကြောင် မှတ်ချက်ပေးပါတယ်။

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်ကတော့ အထက်တာဝန်ရှိသူတွေကို ပါတီတွေ တောင်းဆိုတဲ့ကိစ္စ  တင်ပြထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲ မကျင်းပမီကတည်းက ၀ ဒေသ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  ၀ ထိန်းချုပ်နယ်မြေတွေထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းခဲ့ ကြပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်ဒေသတွေကို ထုတ်ပြန်ရာမှာတော့ ၀ ထိန်းချုပ်နယ်မြေတွေ ပါမလာခဲ့ပါဘူး။

UWSA ထိန်းချုပ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော စတဲ့မြို့နယ်တွေမှာ မဲဆန္ဒရှင်စာရင်းကို မကောက်ယူနိုင် ခဲ့ပါဘူး။

ကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့ ထပ်မံထုတ်ပြန်တဲ့ ရွေးကောက်ပွဲ မကျင်းပတဲ့နယ်တွေထဲမှာလည်း  ဟိုပန်မြို့နယ်၊ နမ့်တစ်မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာအုပ်စု ၃၇ ခု ပါဝင်သလို မက်မန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၇ ခု ထပ်မံပါဝင်လာတဲ့အတွက် ၀ ဒေသနဲ့ နီးစပ်တဲ့နယ်မြေတွေအထိပါ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တာဖြစ်တယ်လို့ သိရပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။