သံရုံးတွေက ကြိုတင်မဲကိစ္စ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ဦးတင်အေး ပြော
2015.10.20

ပြည်တွင်းက ကြိုတင်မဲပေးမယ့်သူ တပ်မတော်သားတွေ၊ နာမကျန်းသူတွေ၊ ရွေးကောက်ပွဲနေ့မှာ လာရောက် မဲမပေးနိုင်သူတွေဟာ လာမယ့် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ သက်ဆိုင် ရာကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲသွားရောက်ပေးနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နိုင်ငံရေးပါတီ ၇ဝ နီးပါးလောက် က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ သတင်းထောက်တွေက ကြိုတင်မဲကိစ္စမေးမြန်းရာ မှာ ပြောတာဖြစ်ပါတယ်။
"ကျနော် မနေ့ကပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိပါတယ်၊ အဲ့ဒီအခက်အခဲတွေ ဖြေရှင်းပေးမယ် ဖြေရှင်းပေးချင် တယ်၊ အချိန်မီရင် ကျနော်တို့ မဲလက်မှတ်တွေ ခင်ဗျားတို့ကို ပြန်ထုတ်ပေးပါ့မယ်၊ အဲ့လူတွေဆီ ကို ပြန်ပို့ပြီးတော့ မဲပေးပါဆိုပြီးတော့ ဒီလိုတော့ ပြောထားတာရှိပါတယ်၊ ဒါတော့ သေသေချာချာလေးတော့ လုပ်ရမှာပေါ့ မဲကသိပ်ဖောင်းပွလို့မရဘူး၊ ဒါကြောင့် ကျနော်တို့က လိုက်လျောချင်တယ်၊ လိုက်လျောချင်ပေမယ့် လည်း ဒါတွေကသိပ်ဖောင်းပွသွားရင် ကျနော်တို့မှာ ပြန်ပြီးတော့တာဝန်ရှိနေမယ်၊ တပ်မတော်သားတွေ ကျတော့ တပ်မှူးကိုမေးရတယ်၊ ခင်ဗျား ကြိုတင်မဲဘယ်နှစ်စောင် ယူမလဲမေးရတယ်၊ ကျနော်အစောင် ၅ဝ ယူမယ် ပြီးရင် နာမည်စာရင်းပေးဆိုပြီးတော့ အဲ့ဒီနာမည်စာရင်းကို မဲရုံမှာသွားပြီးတော့ မှတ်တမ်းတင် ထားပြီးတော့ ကြိုတင်မဲဆိုပြီးတော့ မဲစာရင်းမှာ တားထားတယ်"
ဒါ့အပြင် ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား စတဲ့နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးရာမှာ အဆင်မပြေတာတွေကို ပြင်ဆင်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ပြည်တွင်း ပြည်ပ ကြိုတင်မဲအားလုံးကို ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီမှာ ဖွင့်ဖောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြထားတာ နားဆင်နိုင်ပါတယ်။