တပ်မတော်ကို မထိခိုက်အောင် ဟောပြောဖို့ ပါတီတွေကို သတိပေးချက်ထုတ်


2015.08.28
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

အစိုးရပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေမှာ တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေမယ့် အပြောအဆိုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုမရှိတဲ့ အသုံးအနှုန်းတွေ မသုံးနှုန်းဖို့ ရွေးကောက်ပွဲကော်မရှင်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၂ လကြာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ အလှည့် ကျ ဟောပြောခွင့်ရရှိမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေဘက်က ဟောပြောမယ့်အကြောင်းအရာတွေကို စာရေးသားပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြရမှာဖြစ်သလို ကော်မရှင်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပေးသွားမှာဖြစ် တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ဟောပြောမယ့်စာမူကို ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံဘူးဆိုရင် ပယ်ချမှာဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေးအတွက် ၁၅ မိနစ်စာ ဟောပြောခွင့်ရရှိမှာဖြစ်ပြီး ဒါကို အစိုးရ ပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ နှစ်ကြိမ် ထုတ်လွှင့်ပေးသွားမှာဖြစ်သလို နိုင်ငံပိုင်သတင်းစာမှာ ရွေးကောက်ပွဲ မတိုင်မီ တစ်ကြိမ်ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။