လိမ်လည်မဲပေးသူတွေကို အရေးယူမယ်လို့ ရွေးကောက် ပွဲကော်မရှင် သတိပေး
2015.09.23

လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်သက်သေခံလက်မှတ် ရရှိထားသူအားလုံး မဲပေးခွင့် ရမှာဖြစ်သလို တပြိုင်နက် မှာ တခြားသူကိုယ်စားလိမ်လည် မဲပေးမယ့် သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲကောက်မရှင်က အခုနောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းမှာပါတဲ့သူ တွေကို မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေထုတ်ပေးသွားမှာဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ပြောပါတယ်။
"အဓိကဘာလဲဆိုရင် ရေဘေးဖြစ်သွားတော့ တော်တော်များများမှာ မှတ်ပုံတင်တွေ ပျက်သွားတာ၊ ပျောက်သွားတာ၊ အိမ်ထောင်စုစာရင်းတွေပျက်သွားတာ ရှိတယ်၊ အဲ့တော့ ဒီပုဂ္ဂိုလ်တွေက မဲရုံကိုမဲလာပေးရင် ကဒ်တွေမရှိတော့တဲ့အတွက် မဲပေးခွင့် တွေဆုံးရှုံးမယ်လို့ သူတို့ကစိုးရိမ်တယ်၊ မစိုးရိမ်ပါနဲ့ ဒီအတွက်ကို ကျနော်တို့ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးပါမယ်၊ အဲ့လိုပေးတဲ့နေရာမှာ သူတို့တွေမကဘူး၊ မဲဆန္ဒရှင်အားလုံးပေါ့၊ နောက်ဆုံးအတည်ပြုပြီးရင် မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်အားလုံးကို လည်းထုတ်ပေးပါ့မယ်"
ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးပြီးသွားသူတွေရဲ့ထင်ရှားတဲ့နေရာမှာ မှင်နဲ့ရိုက်နှိပ်အမှတ်အသားပြု လုပ်သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မဲစာရင်းမှားယွင်းမှုတွေကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ပြင်ဆင်တင်ပြခွင့် ပြုထားပြီး ရေးဘေးသင့်ဒေသတွေ ကပြည်သူတွေအတွက် အမှားပြင်ဆင်နိုင်တဲ့ရက်ကို တိုးပေးထားတယ်လို့လည်းသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။