ကပ်ဘေးကြားမှ မြန်မာ့ရွေးကောက်ပွဲ စတင်


2020.11.07
election-day-1.jpg

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်က မဲဆန္ဒရှင်တစ်ဦး မဲပေးနေစဉ် (Photo: Thant Zin Oo/RFA)

election-day-4.jpg

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်က မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ် (Photo: Thant Zin Oo/RFA)

election-day-3.jpg

လားရှိုးမြို့ အောင်မေတ္တာမဲရုံမှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲလာပေးသူတွေကို ကျန်းမာရေးစစ်ဆေးနေစဉ် (Photo: Kan Thar/RFA)

election-day-2.jpg

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ လားရှိုးမြို့ အမှတ် (၂)ရပ်ကွက် အောင်မေတ္တာမဲရုံမှာ မဲပေးပြီးတဲ့ ပြည်သူတစ်ဦးကို တွေ့ရစဉ် (Photo: Kan Thar/RFA)

နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှာ  နိုင်ငံအနှံ့အပြားက မဲရုံအသီးသီးကို  မဲပေးမယ့်သူတွေ  ဝင်ရောက် သွားကြပြီး အများမျှော်လင့်နေကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို စတင်လိုက်ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျှော့ချရေး အစီအစဉ်အတိုင်း နှာခေါင်းစည်း တပ်ဆင်ထားကြတဲ့ မဲဆန္ဒရှင် တွေဟာ မဲပေးမယ့်နေရာကို ဦးတည်သွားနေကြတယ်၊ မဲရုံရှေ့မှာ တန်းစီနေကြတယ်လို့ RFA သတင်းထောက်တွေ က သတင်းပို့ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်မှု နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေပြီး ကပ်ဘေးကြောင့် အိမ်မှာပဲနေထိုင် ကြ၊ အသွားအလာ ဆင်ခြင်ကြရတဲ့အတွက် ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့မဲဆန္ဒနယ်မှာ အင်တိုက်အား တိုက် မဲဆွယ်နိုင်ခဲ့ခြင်း မရှိတာကတော့ ဒီရွေးကောက်ပွဲရဲ့ ထူးခြားချက်တခုပါပဲ။

၂၀၁၅ ရွေးကောက်ပွဲနဲ့ တူညီတဲ့အချက်တစ်ခုကတော့ ကြိုတင်မဲကောက်ယူမှု အဆင်မပြေတာတွေနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲနေ့ မတိုင်ခင်က စွပ်စွဲပြစ်တင် ကြခြင်းပဲဖြစ်ပါတယ်။  ကော်မရှင်ရင်ဆိုင်ရတဲ့ ဝေဖန်ချက်တွေကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ ပိုမိုများပြားနေ ပါတယ်။

အဝေဖန်ခံရဆုံးကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ ကြေညာရာမှာ  တိုင်းရင်းသားပါတီတွေ အားကောင်းပြီး နိုင်ချေများတဲ့ မဲဆန္ဒနယ်တွေပါဝင်နေခြင်းပဲဖြစ်ပါတယ်။

တပ်မတော်သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေဟာ တပ်အပြင်ဘက်မှာ မဲပေးရတဲ့ အခြေအနေကလည်း ဒီရွေးကောက်ပွဲရဲ့ ထူးခြားချက်တစ်ခုပါ။ ခါတိုင်းရွေးကောက်ပွဲတွေမှာတော့ တပ်တွင်းမဲရုံမှာပဲ မဲပေးခဲ့ကြတာပါ။

တပ်တွင်းမဲရုံတွေ အပြင်ထုတ်လိုက်တဲ့အတွက် ပွင့်လင်းမြင်သာလာပြီး မဲရလဒ်တွေ အပြောင်းအလဲဖြစ်လာ နိုင်မယ်၊ စောင့်ကြည့်ဖို့ ပိုမိုအဆင်ပြေသွားမယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

ခါတိုင်းရွေးကောက်ပွဲတွေလိုပဲ ဒီနှစ်မှာလည်း ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက ဝန်ထမ်းအင်အား၊ လုပ်အားပေးအင်အား အများအပြားနဲ့ စောင့်ကြည့်လေ့လာနေကြပါပြီ။  

လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းခန့်ရှိပြီး   ညနေ ၄ နာရီ မဲရုံတွေ ပိတ်ချိန်အထိ မဲပေးနိုင်ကြမှာပါ။ မဲပေးခွင့်ရှိသူတွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးကြမယ့် လူငယ်အရေအတွက်က ၅ သန်း ရှိပါတယ်။

မြို့နယ်အသီးသီးကတက်လာတဲ့ မဲရလဒ်တွေကို  ခရိုင်၊ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ စုစည်းမှာဖြစ်ပြီး၊ လိုအပ်တဲ့ တွက်ချက်စစ်ဆေးမှုတွေ လုပ်ပြီးရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုကာ ပြည်နယ်၊ တိုင်း ကော်မရှင်အဖွဲ့ခွဲတွေက ကြေညာသွားမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကတော့ ရွေးကောက်ပွဲအပြီး နောက်တနေ့မနက် ၉ နာရီက စတင်ကာ ရွေးကောက်ပွဲရလဒ် တွေကို ၃ နာရီခြား တစ်ကြိမ် ကြေညာခဲ့တာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဖြစ်တယ်လို့ ကော်မရှင်ရဲ့  ရွေးကောက်ပွဲ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရမှာပါ။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ စုစုပေါင်း ၄၉၈ နေရာမှာ အနိုင်ရခဲ့တာ ၃၉၀ နေရာ ရှိခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ အဲဒီ ပမာဏ ရနိုင်ဖို့ မသေချာပေမယ့် လွှတ်တော်မှာ ပါတီရဲ့ စိတ်ကြိုက် ဒုတိယသမ္မတတစ်ဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး အစိုးရ ဖွဲ့ခွင့်ရသည်အထိတော့ အနိုင်ရနိုင်ဖွယ်ရှိတယ်လို့ ထင်ရှားတဲ့ လေ့လာသူတချို့က သုံးသပ်နေကြပါတယ်။

အင်အားစုတစ်ခုက အစိုးရဖွဲ့နိုင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အမတ် အင်အား ၃၂၂ ဦး ရှိရမှာဖြစ်ပါတယ်။

တပ်မတော်က တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီက နေရာ ၁၅၀ ကျော် အနိုင်ရပြီး အခြေခံဥပဒေပြဋ္ဌာန်းချက်အရ လွှတ်တော်ထဲ ရောက်လာမယ့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၀ ဝန်းကျင်နဲ့ ပေါင်းစည်းလိုက်ရင် အစိုးရဖွဲ့နိုင်မှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ အလားအလာ နည်းတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ၄၂ နေရာသာ အနိုင်ရခဲ့တာကြောင့် ဒီနှစ်မှာ နေရာ ၁၅၀ ကျော် အနိုင်ရရှိရေးဟာ ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။