ရွေးကောက်ပွဲဆိုင်ရာအမှုပေါင်း ကိုးရာနီးပါး USDP တိုင်ကြားထား


2020.11.20
ရွေးကောက်ပွဲဆိုင်ရာအမှုပေါင်း ကိုးရာနီးပါး USDP တိုင်ကြားထား ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့က USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး နေပြည်တော်မှာ မဲဆွယ်စည်းရုံးစဉ်။
Photo: Thiha Tun/RFA

နိုဝင်ဘာလ (၈) ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ  ရဲအရေးပိုင်အမှု ၁၁၀ ကျော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ကန့်ကွက်လွှာပေါင်း (၇၅၀) ကျော် တိုင်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက မနေ့ကပြောလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့  ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားနေတဲ့ ကိစ္စတွေကို ကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်နေပြီး သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ရွေးကောက်ပွဲရလဒ်အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ဦးသန်းဌေးက ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

မဲစာရင်းဖောင်းပွမှုတွေ၊ မဲမသမာမှုတွေ ရှိခဲ့တာကြောင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်တွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲကာလအတွင်း တရားမမျှတမှုဖြစ်ပေါ်ခဲ့တာတွေအတွက် အစွန်းဆုံးအထိရောက်အောင် ရေဆုံးမြေဆုံး ကန့်ကွက်သွားမယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီကလည်းပြောထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲတရားမမျှတဘူးဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်လို့ နိုဝင်ဘာလ(၁၁) ရက်နေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက (၃၉၆) နေရာရပြီး USDP ပါတီက (၃၃)နေရာ အနိုင်ရထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။