ရွေးကောက်ပွဲကော်မရှင် ပါတီတွေရဲ့တောင်းဆိုချက်ကို လျစ်လျူပြုပြီး မူကြမ်းထုတ်ပြန်
2014.07.11

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီတွေ တောင်းဆိုထားတဲ့အချက်တွေကို မပြင်ဆင်ပဲ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်းကို အတည်ပြု ထုတ်ပြန်လိုက်တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်များ က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် လိုက်တဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က အခုလိုပြောပါတယ်။
"ရွေးကောက်ပွဲရက်နီးခါနီး တစ်လလောက်အလိုမှာ ကိုယ်စားလှယ်လောင်းအဖြစ်ကြေညာလိုက်လို့ရှိရင် ကျနော်တို့က ရက် ၆၀ ရတာနဲ့ ဘာမှမထူးဘူးလေ ၁ လပဲ အလုပ်လုပ်ရမှာပဲလေ လက်ရှိအနေအထား မှာသူတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်သွင်းခြင်းခံရသူကို တစ်ပါတီကိုယ်စား လှယ်တွေရော အကုန်လုံး ဖြစ်ခွင့်ပေးထားပါတယ်၊ သူတို့ဆီကိုတော့ ခွင့်ပြုချက်တင်ရမှာပေါ့ ၁၅ ရက် ဆိုင်းတယ်ဆိုတာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထပ်တာတို့ ပြီးလို့ရှိရင် ညှိတာတို့ပေါ့နော် မတိုက်ဆိုင်လို့ရှိရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မလိုလားပဲနဲ့ ပြဿနာဖြစ်မှာစိုးလို့ အကုန်လုံးကို ဥပဒေနဲ့အညီ ခွင့်ပြုမယ်ဆိုပြီးဆိုပြီး အဲ့လိုပြောထားတယ်"
နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ သို့မဟုတ် နှစ်လနီးပါးကြာ သတ်မှတ်ပေးဖို့ နဲ့ ‘မဲဆွယ်ဟောပြောခွင့် လျှောက်ထားခြင်းကို ‘အသိပေးခြင်း’ လို့ ပြောင်းလဲသတ်မှတ်ပေးဖို့ ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြထားတာဖြစ်ပါတယ်။
အတည်ပြုလိုက်တဲ့ ညွှန်ကြားချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီခေါင်းဆောင်တွေအနေနဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးမယ်ဆိုရင် သက်ဆိုင်ရာကော်မရှင်ခွဲတွေထံမှာ ၁၅ ရက်ကြိုတင် ခွင့်ပြု ချက် တောင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။