ရွေးကောက်ပွဲ သတင်းယူခွင့် စည်းမျဉ်းကန့်သတ်ချက်တွေ ထုတ်ပြန်


2015.08.26
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမားတွေအနေနဲ့ မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင် ဝန်ခံချက် ရေးသားတင်ပြရ မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်း ကြားလိုက်ပါတယ်။

မြို့နယ်တစ်မြို့နယ်မှာ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းတစ်ခုက သတင်းသမား အများဆုံး ၃ဦး သတင်းယူခွင့် ရှိပြီး အဲဒီအတွက် ခံဝန်လက်မှတ်ထိုးရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ရေး အဖွဲ့မှူး ဦးသိန်းဦးက ပြောပါတယ်။

"တစ်မြို့နယ်မှာ ၃ ယောက်မတတ်နိုင်ရင် ၁ ယောက်ထားလိုက်ပေါ့၊ ဒီနေရာမှာ တစ်ယောက်သွား၊ ဟိုတစ်မြို့ နယ်မှာ တစ်ယောက်သွား၊ အဲ့လိုလုပ်လိုက်ပေါ့"

လာမယ့် နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့သတင်းယူမယ့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲအသီးသီး မှာ လျှောက်ထားရမှာဖြစ်ပါတယ်။ လက်ရှိ ထုတ်ပြန် ချက်ဟာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထား သလို ဖြစ်နေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံဖို့ တောင်းဆို ထားတယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဌ သတင်းစာဆရာဖိုးသောကြာ က ပြောပါတယ်။

"လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်မဖြစ်၊ ပြည်သူလူထုကိုယ်စား စောင့်ကြည့်သတင်းယူရမည့် သတင်းမီဒီယာများ၏ သတင်းလွတ်လပ်စွာရယူခွင့်ကို ကန့်သတ်သကဲ့သို့ဖြစ်မသွားစေရန် အလို့ငှာ အဘတို့ ကပြန်တောင်းဆိုရမှာပေါ့နော်၊ ဘာလို့လည်းဆိုတော့ သူ့စာထဲမှာ တချို့စာသားတွေက မရှင်းလင်းတာတွေ ကိုတော့ ကော်မရှင်ကိုသေချာမေးရမယ်၊ ဘာလို့လည်းဆိုတော့ လွတ်လပ်စွာသတင်းရယူ နိုင်ရေးမရှိဘဲ နဲ့ ရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်ခြင်းရှိ မရှိ၊ ဘယ်လိုပြောမလဲ၊ ရွေးကောက်ပွဲကော်မရှင်ဘက်က လွတ်လပ်မျှတစွာလုပ်ခြင်းမလုပ်ခြင်းကို အဘတို့ကကန့်သတ်ချက်တွေကြား ထဲကနေ စောင့်ကြည့်ရမယ် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး"

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အဲဒီလိုဝန်ခံချက် ရေးထိုးရခြင်း မရှိပါဘူး။ အဲဒီညွှန်ကြားချက်ဟာ ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းတွေနဲ့သာ အကျုံးဝင်ပြီး ပြည်ပသတင်းဌာနတွေ အနေနဲ့ ရွေးကောက်ပွဲမှာ သတင်းရယူ ဖို့က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင် ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဌ သတင်းစာဆရာ ဖိုးသောကြာကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။