ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေးကော်မရှင် စတင်တွေ့ဆုံဆွေးနွေး
2014.08.27
မြန်မာနိင်ငံမှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေမှာ နိုင်ငံနဲ့လိုက်လျောညီထွေဖြစ်စေမယ့် ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်က ဒီကနေ့ စတင် စည်းဝေးဆွေးနွေးကြကြောင်း သိရပါတယ်။
ဒီအစည်းအဝေးမှာ ဆွေးနွေးကြတာတွေနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။
"ကျနော်တို့ကတော့ ဒီနေ့လည်းစပြီးတော့ တင်ခဲ့တဲ့အဆိုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြန် ပြီးတော့ လေ့လာသုံးသပ်ကြည့်ပြီးတော့မှ ဆွေးနွေးကြတာပေါ့၊ ကျနော်တို့ကတော့ NLD ရဲ့လက်ရှိ ရွေးကောက်ပွဲစနစ်က ဘာတွေအပြစ်ရှိလို့လည်းပေါ့နော်၊ ရွေးကောက်ပွဲစနစ်တွေမှာ သူတို့ကတော့ အားသာချက်၊ အားနည်းချက်တွေကို အကုန်ရှိတယ်ဆိုတာ ပြောပြီးတော့ပေါ့ ဆွေးနွေးနေ ကြတာပေါ့နော်၊ ဆွေးနွေးကြတယ်ဆိုတာကလည်း ယေဘူယျသဘောပဲရှိပါတယ်"
လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူစနစ် FPTP အစား အချိုးကျကိုယ်စားပြုစနစ် PR ကို ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးတွေမှာ ပြောင်းလဲကျင့်သုံးဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တင်သွင်းခဲ့ပြီး တဲ့နောက် ပြည်သူ့လွှတ်တော်က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ကို လေ့လာသုံးသပ်တင်ပြဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။
အဲ့ဒီ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ စတင်ဖွဲ့စည်းတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြရမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က စတင်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။