ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နိုင်ငံရေးပါတီတွေနဲ့ PR ကိစ္စဆွေးနွေး
2013.09.14
နိုင်ငံရေးပါတီတချို့က အဆိုပြုထားတဲ့ အချိုးကျရွေးကောက်ပွဲ ကိုယ်စားပြု ရွေးချယ်မှုစနစ် PR ကို လာမယ့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကျင့်သုံးဖ့ိုဆိုရင် လွှတ်တော်ကနေ ၂၀၁၃ ခုနှစ် မကုန်ခင် တာဝန်ပေးမှသာ ရွေးကောက် ပွဲ ကော်မရှင်အနေနဲ့ PR စနစ်နဲ့ ကျင်းပပေးနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းကကျင်းပတဲ့ "နိုင်ငံရေးပါတီတွေနဲ့ မီဒီယာနှီးနှောဖလှယ်ပွဲ" ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ တက်ရောက်ခဲ့ပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။
"ရွေးကောက်ပွဲ ဘယ်စနစ်နဲ့ ကျင်းပရမယ်ဆိုတာ ပါတီတွေကတင်၊ ဒါကိုလွှတ်တော်က ဆုံးဖြတ်ရမှာ၊ လွှတ်တော်က PR စနစ်ရွေးကောက်ပွဲ ကျင်းပပါဆိုရင် ဒီစနစ်ကိုလေ့လာမယ်၊ စနစ်ပြင်မယ်ဆိုရင် ၂ဝ၁၃ ထဲမှာ ကျနော့်ကို အကြောင်းကြားပါ၊ ဒါမှ ၂ဝ၁၄ မှာပြင်နိုင်မယ်၊ ဒါမှ၂ဝ၁၅ မှာ ရွေးကောက်ပွဲကြီး စနစ်ကျတဲ့ရွေးကောက်ပွဲကြီးဖြစ်မယ်၊ ၂ဝ၁၃ အကြောင်းမပြန်ဘူးဆိုရင် လုပ်ရတာအကျပ်အတည်းဖြစ်မယ်၊ နောက်ပိုင်းမှာလုပ်ရင်တော့ ကောင်းအောင်မကျင်းပပေးနိုင်ဘူး၊ မရဘူး မင်းကျင်းပပေးရမယ်ဆိုရင် ကျင်းပပေးမယ်၊ စနစ်မကျရင် လာမပြောနဲ့"
ဒါ့အပြင် ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မကျင်းပဖြစ်ဘဲ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ အစီအစဉ်မရှိဘူးလို့လည်း ပြောပါတယ်။ လက်ရှိလစ်လပ်နေတဲ့ နေရာတွေကတော့ ပြည်သူ့လွှတ်တော်မှာ ၆ နေရာ အမျိုးသားလွှတ်တော်မှာ ၄ နေရာနဲ့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ၅ နေရာ လစ်လပ်နေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မရတနာဦး ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။