ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပ
2015.11.14

ရွေးကောက်ပွဲနေ့မှာ ရန်ကုန်နဲ့ စစ်ကိုင်းဒေသကြီး၊ ချင်းနဲ့ ရခိုင်ပြနယ်တွေမှာ စောင့်ကြည့်လေ့လာ ခဲ့တဲ့ အောက်ချင်းငှက် လေ့လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကိုသတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က ဒိုင်းမွန်းကွန်ဒိုမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဖွဲ့ရဲ့ တွေ့ရှိချက်အရ ရွေးကောက်ပွဲနေ့က မဲပေးသူတွေဟာ သူတို့ပေးခဲ့တဲ့မဲကို လျှို့ဝှက်စွာ မဲပေးခွင့်မရခဲ့ဘူး လို့ အောက်ချင်းငှက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ညှိနိုင်းရေးမှူး ဦးသိန်းသန်းအောင်က ပြောပါတယ်။
"စောင့်ကြည့်လေ့လာတဲ့ကိစ္စတွေမှာ ၆ဝ ရာခိုင်နှုန်းခန့်သာ လျှို့ဝှက်စွာမဲပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်၊ မဲပေးရင်း တန်းစီရင်း စောင့်ရင်းနဲ့ မဲရုံထဲမှာ မလိုအပ်ဘဲနဲ့ လူတွေ တအားများသွားနဲ့ နေရာမျိုးတွေရှိပါတယ်၊ မဲပေးခန်းတွေ သေချာစွာ မစီစဉ်ထားတာကိုလည်း တွေ့ရပါတယ်၊ ဒါမျိုးတွေဟာ လျှို့ဝှက်စွာမဲပေးတာကို အဟန့်အတားဖြစ်ရပါတယ်"
ဒါပေမဲ့ ဘယ်နေရာတွေမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖေါ်မပြောဆိုပါဘူး။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုအတွင်းက မြို့နယ် ၂၇ ခုက မဲရုံ ၃၅၀ ကို လေ့လာချက်အရ မဲရုံထက်ဝက်ကျော်မှာ မဲရုံဖွင့်ချိန်အမီ မဲဆန္ဒရှင်စာရင်းတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကပ်မထားဘူးလို့လည်း ပြောပါ တယ်။ တချို့ကျေးရွာတွေမှာဆိုရင် နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးခွင့်မပြုတော့တဲ့ နိုဝင်ဘာ ၇ ရက်နေ့အထိ၊ တစ်အိမ်တက်ဆင်း မဲဆွယ်တာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ ပိုစကာတွေ မဖြုတ်သေးတာတွေ တွေ့ခဲ့ ရတယ်လို့လည်း သိရပါတယ်။
အလားတူ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း ကလည်း ရွေးကောက်ပွဲအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက ကော်မရှင်အဖွဲ့ခွဲတွေနဲ့ မဲရုံအဖွဲ့ဝင်အများစု ဟာ ရွေးကောက်ပွဲ ဥပဒေတွေ ၊ နည်းဥပဒေတွေ လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြောဆိုခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် မရွှေရည်က ရပ်ကျေးကော်မရှင်အဖွဲ့ ခွဲတွေရဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"ကျမတို့ရဲ့ Focus က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ရပ်ကျေး အဆင့်ဆင့်က သတ်မှတ်ထားတဲ့ နည်းဥပဒေအပေါ် ဘယ်လိုချဉ်းကပ်လဲ ဘယ်လိုလုပ်ဆောင်လဲ ဆိုတာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့ဖြစ်ပါတယ်၊ ချဉ်းကပ်တဲ့အပေါ်မှာ သူတို့ဆောင်ရွက်တဲ့အခါ အဆင်မပြေမှုတွေတော့ရှိတယ်၊ ဘယ်အပိုင်းရယ်လို့တော့ အဓိကမဟုတ်ဘူး၊ ရပ်ရွာရဲ့အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲမှုတွေရှိတာပေါ့"
ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းက ရွေးကောက်ပွဲကာလအတွင်း ကြိုတင်မဲပေးတဲ့ ၃၂၃ နေရာ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံပေါင်း ၁၃၇ ရုံနဲ့ မြို့နယ်အတွင်းက ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ လေ့လာစောင့်ကြည့်ခဲ့တာ လို့ ပြောပါတယ်။
Horn Bill Organization အဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုချမ်းလျန်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းတွေမှားယွင်းခဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကလည်း သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ကာကွယ်ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး ကော်မရှင်အပေါ် သဘောထားအမြင်ကို RFA သတင်းထောက် မမိုးကလျာဦး က စုစည်းတင်ပြထားပါတယ်။
ဧရာဝတီတိုင်းက လယ်သမားတွေရဲ့ ဘဝတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအနိုင်ရ ကျုံးပျော်မြို့နယ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ သဘောထားတွေကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။