လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ရေးအဆို ဒီလအတွင်း ဆွေးနွေးမည်
2014.03.17

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပေးပို့လိုက်တဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲခတွေ တိုးမြင့်ကောက်ခံဖို့ အဆိုပြုချက်ကို လာမယ့် ဧပြီလမတိုင်ခင် နောက်ဆုံး ထားဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် မှာ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ လျပ်စစ်ဓါတ်အားများ တိုးမြှင့်ကောက်ခံရန် အဆိုပြုချက်ကို လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
"လျှပ်စစ်ဓာတ်အားနှုန်းထားများ ပြင်ဆင် တိုးမြှင့်ကောက်ခံရန် နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်နဲ့ စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ကျင်းပမယ့် ၁၉ ရက် ၃ လ ၂ဝ၁၄ မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲဒီမှာ ဆုံးဖြတ်နိုင်မှပဲ လာမယ့် ဘတ်ဂျက်နေ့ ဧပြီလ ၁ ရက်နေ့မှာ ကောက်ခံနိုင်မှာဖြစ်ပါတယ်၊ ဆွေးနွေး ညှိနှိုင်းချက်များအပေါ် မူတည်၍ ၁၉ ရက် ၃ လ ၂ဝ၁၄ မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဆောင်ရွက်သွား မှာဖြစ်ကြောင်း ကြေညာပါတယ်"
ဒါ့အပြင် လျှပ်စစ်မီတာခကို တိုးမြှင့်ကောက်ခံပြီး လျှပ်စစ်မရသေးတဲ့ဒေသတွေမှာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးဖို့လိုသလို လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့နေရာမှာလည်း အလေအလွင့်မရှိအောင် ထိန်းသိမ်းသွားဖို့ ဝန်ကြီးဌာနအနေနဲ့ တာဝန်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီကနေ့ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပါတယ်။