ဓါတ်အားပေးစက်ရုံသစ် လေး ဆယ်ကျော် ၁၅ နှစ်အတွင်း တည်ဆောက်မည်
2014.11.04
မြန်မာနိုင်ငံမှာ လာမယ့် ၁၅ နှစ်အတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံသစ် ၄၁ ရုံ တည်ဆောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အဲဒီ့ အရေအတွက်ဟာ လက်ရှိ ဓါတ်အားပေးစက်ရုံအရေအတွက်ရဲ့ ၇ ဆ ဖြစ်ပြီး၊ လက်ရှိ ဓါတ်အားပမာဏ ၄၅၈၁ မက်ဂါဝပ် ကနေ နှစ်သောင်းကိုးထောင် မက်ဂါဝပ်အထိ တိုးတက်ထုတ်လုပ်မယ်လို့ဆိုပါတယ်။
ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ မူလ ရေအားလျှပ်စစ်အပေါ် ဦးတည်ထားတာကနေ ကျန်တဲ့ စွမ်းအင်အရင်းမြစ်တွေဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့၊ နေစွမ်းအင်၊ လေစွမ်းအင် စတဲ့ သဘာဝစွမ်းအင်တွေ ကနေ ဓါတ်အားထုတ်ယူဖို့ဖြစ်ကြောင်း၊ ဒါကြောင့်၂၀၃၁ ခုနှစ် ကျရင် မြန်မာနိုင်ငံမှာ ဓါတ်အားပေးစက်ရုံ ၄၁ ရုံ ရှိလာမှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
ဒါ့ပြင် လျှပ်စစ်စွမ်းအင် ပမာဏ တိုးတက်ရရှိလာတာနဲ့အမျှ၊ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းအောင်၊ မဟာဓါတ်အားလိုင်းတွေမှာ လျှပ်စစ်ဓါတ်အား လေလွင့်ဆုံးရှုံးမှု လျော့နည်းအောင် အထူးဂရုစိုက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဆိုင်ရာနယ်မြေ ဒေသခံတွေကတော့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့်အရေး စိုးရိမ်နေကြပါတယ်။