ဆောင်းပါးကြောင့် တိုင်းအစိုးရမှာ ထိခိုက်နစ်နာမှုရှိရင် စိတ်မကောင်းဖြစ်ရကြောင်း အလဲဗင်းကြေညာ


2019.05.15
eleven-announcement-622.jpg Eleven အယ်ဒီတာအဖွဲ့ရဲ့ အသိပေးကြေညာချက်ကို တွေ့ရစဉ်
.

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven News Journal မှာ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ သုံးသပ်ချက်ဆောင်းပါးနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ရင် စိတ်မကောင်းဝမ်းနည်းရပါကြောင်း Eleven အယ်ဒီတာအဖွဲ့က မနေ့က ကြေညာခဲ့ပါတယ်။

အဲဒီဆောင်းပါးမှာ ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်မယ့် Yangon Metropolitan Development အများပိုင်ကုမ္ပဏီမှာ ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနဲ့ ဆက်စပ်တဲ့ ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှုအကြောင်း ဝေဖန်ချက် တချို့ပါဝင်ခဲ့တာကြောင့် ဆောင်းပါးရှင် ဝေဖြိုး၊ အယ်ဒီတာ ကိုကျော်ဇောလင်းနဲ့ ကိုနရီမင်း တို့သုံးယောက်ကို တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တရားစွဲခဲ့ပြီးနောက် နိုင်ငံတော် သမ္မတရဲ့ညွှန်ကြားချက်ကြောင့် တရားစွဲဆိုမှုကို ပြန်လည်ရုပ်သိမ်းကာ သတင်းမီဒီယာကောင်စီက တဆင့် ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ဆောင်းပါးနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို လာရောက်ပြီး ဆောင်းပါးနဲ့ပတ်သက်တဲ့ အချက်အလက်မှန်တွေကို ရှင်းလင်းခဲ့ရာမှာ Yangon Metropolitan Development အများပိုင်ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုမှာ လူပုဂ္ဂိုလ်နာမည် ပါဝင်နေတာဟာ အစိုးရအဖွဲ့ကိုယ်စား ပါဝင်နေခြင်းဖြစ်ကြောင်း စတဲ့အခြေအနေမှန်ကို ရှင်းလင်းပြောကြား ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အမှုပြန်လည်ရုပ်သိမ်းပြီးတဲ့နောက်မှာ ဆောင်းပါးထဲမှာပါတဲ့ အချက်အလက်တစ်ခုဟာ မမှန်ကန်တဲ့အတွက် Eleven သတင်းဌာနအနေနဲ့ ပြန်လည်တောင်းပန်ဖို့ ရန်ကုန်တိုင်းအစိုးရဘက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကတဆင့် တောင်းဆိုခဲ့ပေမယ့် တရားစွဲဆိုခံရတဲ့ သတင်းသမားတွေဘက်က မတောင်းပန်နိုင်ကြောင်း အရင်က ပြောဆိုထားတာရှိပါတယ်။

မနေ့က ထုတ်တဲ့ အလဲဗင်းမီဒီယာရဲ့ အသိပေးကြေငြာချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကို တိုင်းအစိုးရရဲ့သဘောထားကို RFA ကဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဖုန်းနဲ့လက်ခံမဖြေကြားနိုင်ဘူးလို့ ငြင်းဆိုပါတယ်။

Eleven ရဲ့ ကြေညာချက်မှာတော့ အဲဒီစီးပွားရေးသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းဒေသကြီးလွှွတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားတွေရဲ့ ဆွေးနွေးမှုတွေကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။