Eleven Media က တရားလို လုပ်ထားတဲ့ ပုဒ်မ ၆၆(ဃ) အမှုအားလုံးကို ပြန်လည် ရုပ်သိမ်းမည်


2016.11.13
thanhtutaung-eleven-ceo-620.jpg Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင် ကို တာမွေမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

Eleven Media Group က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ Eleven Media Group ရဲ့ သတင်းထောက်ချုပ် ကိုမာန်သူရှိန် က ပြောပါတယ်။

သက်ဆိုင်ရာရဲစခန်းတွေကို မနေ့က သွားရောက်အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သတင်းထောက်ချုပ် ကိုမာန်သူရှိန် က ပြောပါတယ်။

"ပြန်ရုပ်သိမ်းဖို့ စီစဉ်နေပါပြီ၊ ကျနော်တို့ ဒီသက်ဆိုင်ရာရဲစခန်းတွေကိုတော့ လူကိုယ်တိုင်သွားပြောပြီး သွားပြီပေါ့နော်၊ ကျွန်တော်တို့ မနေ့ကထဲက သွားပြောထားတယ်၊ ဒီမှာ လိုနေတာလေးက စာရေးပြီးတော့ တစ်မှုချင်းကို ပြန်ပြီးတော့ တစ်ရွက်ချင်း ပြန်တင်ရမှာမို့လို့ အဲဒါလေး ဆောင်ရွက် နေပါတယ်" လို့ ပြောတာဖြစ်ပါတယ်။

Eleven Media Group က မြို့နယ်ရဲစခန်းတွေမှာ တိုင်ကြားထားတဲ့ အမှုတွဲပေါင်း ဘယ်လောက် ရှိတယ်ဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့လည်း ကိုမာန်သူရှိန် က ပြောပါတယ်။

လက်ရှိ Eleven Media Group အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် နဲ့ Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ဟာ ပုဒ်မ ၆၆(ဃ) နဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ သူတို့နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တရားလိုလုပ်ပြီး စွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာမွေမြို့နယ်တရားရုံးမှာ ဖမ်းဆီးခံခဲ့တဲ့ ဒေါက်တာ သန်းထွဋ်အောင် က ပုဒ်မ ၆၆ ဃ မရှိသင့်ကြောင်း ပြောခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။