ရန်ကုန်တိုင်းအစိုးရက Eleven သတင်းသမား ၃ ဦးကို ပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်
2018.10.10

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားတဲ့ Eleven မီဒီယာက သတင်းသမား ၃ ဦး ကို ဒီနေ့ တာမွေမြို့နယ် တရားရုံးမှာ ရမန်ယူပြီး အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်လိုက်ပါတယ်။
အမှုဖွင့်ခံရတဲ့ သတင်းသမား ၃ ဦး က ဒီနေ့မနက် ၁၀နာရီခွဲမှာ တာမွေမြို့နယ် ရဲစခန်းကို လာရောက်အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ ရေးသားခဲ့တဲ့ "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး အခုလို အမှုဖွင့်တာလို့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က သတင်းထောက်တွေ ကို ပြောပါတယ်။
ဒီဆောင်းပါးနဲ့ပတ်သက်ပြီး အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေ၊ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းနဲ့ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်း တို့ သုံးဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီသတင်းသမား ၃ ဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးအောင်လှထွန်း က သတင်းသမားတွေကို အရေးယူရင် သတင်းမီဒီယာ ဥပဒေအရ သတင်းမီဒီယာကောင်စီက လှုပ်ရှားဆောင်ရွက် သင့်တယ်လို့ RFA ကို ပြောကြားပါတယ်။
ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို အကြောင်းကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။