Eleven မီဒီယာက အယ်ဒီတာ ၃ ဦး ရဲစခန်းမှာ သွားရောက်အဖမ်းခံ


2018.10.11
eleven-editors-622.JPG တာမွေမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံတဲ့ Eleven မီဒီယာက သတင်းသမား သုံးဦးကို ၂၀၁၈ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: Reuters

ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေတို့ ၃ ဦးက တာမွေမြို့နယ် ရဲစခန်းကို မနေ့က မနက်မှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာတွေက သူတို့ကို တာမွေမြို့နယ်တရားရုံးကို ခေါ်ဆောင်ကာ ရမန်ရယူပြီး အင်းစိန်ထောင် ကို ပို့လိုက်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven မီဒီယာမှာ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ ရေးသားခဲ့တဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းသုံးသပ်ချက်ဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရကို အကြည်ညိုပျက်အောင်လုပ် တယ်ဆိုပြီးအမှုဖွင့်ခဲ့ တာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားတွေကို အရေးယူမယ်ဆိုရင် မီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီက ဆောင်ရွက်သင့်တယ်လို့ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက RFA ကို ပြောကြားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို သက်ဆိုင်ရာက အကြောင်းကြားတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

အခုလို Eleven မီဒီယာက သတင်းသမား ၃ ဦးကို ဖမ်းဆီးလိုက်မှုအတွက် (FCCM) မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း၊ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၊ IFJ နိုင်ငံတကာ စာနယ်ဇင်းသမားများ အဖွဲ့ချုပ်နဲ့ IPI နိုင်ငံတကာ သတင်းအဖွဲ့ စတဲ့ သတင်းမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြစ်တင်ရှုတ်ချလိုက်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီအမှုမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ရင် ဖမ်းဆီးခံနေရသူတွေဟာ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။