လွတ်ငြိမ်းသက်သာခွင့်နဲ့ လားရှိုးထောင်က ၁၁ ဦး ပြန်လွတ်

2021.10.18
လွတ်ငြိမ်းသက်သာခွင့်နဲ့ လားရှိုးထောင်က ၁၁ ဦး ပြန်လွတ် လားရှိုးထောင်ကနေ လွတ်လာသူတွေကို ၂၀၂၁ အောက်တိုဘာ ၁၈ ရက်နေ့က တွေ့ရစဥ်
Photo: RFA

လားရှိုးအကျဉ်းထောင်ကနေ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူ ၁၁ ဦးရှိပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီးနှစ်ဦး ပါ၀င်ပြီး မိုင်းရယ်နဲ့ တန့်ယန်းက တစ်ဦးစီ၊ လားရှိုးမြို့က ကိုးဦးဖြစ်ကာ အားလုံးဟာ မတ်လနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် အဖမ်းခံခဲ့ရတာပါ။

သူတို့ဟာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံထားရသူတွေဖြစ်တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။

လက်ရှိ လားရှိုးအကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသူ ၅၀ ကျော် ကျန်နေပြီး သူတို့တွေလည်း နောက်ရက်တွေမှာ လွတ်လာမယ်လို့မျှော်လင့်ရကြောင်း ပြန်လည်လွတ်မြောက်လာသူတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အနုပညာရှင် ၂၄ ဦးနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသူ ၁၀ ဦး အပါအဝင် သတင်းထောက်တွေလည်း ဒီနေ့ပြန်လွတ်လာတဲ့အထဲပါဝင်ပါတယ်။

ရန်ကုန်မြို့မှာ အင်းစိန်ထောင်ရှေ့မှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးမယ် ဆိုတာကြောင့် မိသားဝင်တွေ အများအပြား လာရောက်စောင့်ဆိုင်းနေကြပြီး ညနေ ၅ နာရီအထိတော့ တစ်ယောက်မှ ပြန်လွတ်မလာသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။