အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဒု သမ္မတ ဦးဆောင်မယ်


2016.07.15
henry-van-thio-622.jpg ဒုတိယသမ္မတ(၂) ဦးဟင်နရီ ဗန်ထီးယူ ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ရေးဘေးသင့်ပြည်သူတွေအတွက် အလှူငွေပေးအပ်ပွဲမှာ တွေ့ရစဉ်
Photo: Myanmar President Office

ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

နိုင်ငံတကာမှာလည်း သဘာဝဘေးအန္တရာယ်တွေ အပါအဝင် ပဋိပက္ခတွေ၊ အရေးပေါ်အခြေအနေတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက် ဖွဲ့စည်းဆောင်ရွက်လေ့ရှိတယ်လို့ သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"ကျနော်တို့ အရေးပါ်ကာလ စီမံခန့်ခွဲရေးပေါ့နော်၊ ကျနော်တို့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အစဉ်အမြဲ လုပ်လေ့လုပ်ထရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အရေးပေါ်အခြေအနေပေါ့နော်၊ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါမှာ စနစ်တကျစီမံခန့်ခွဲပြီးတော့ ကိုင်တွယ်ဖြေ ရှင်းနိုင်ဖို့ရယ်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဗဟိုကော်မတီကို ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာဆိုရင်တော့ ကျနော်တို့ ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊ ကျွမ်းကျင်သူတွေနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်"

ကြေညာချက်ကို ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သမ္မတရုံး ဖေ့စ်ဘွတ်ကနေ ဒီနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီကော်မတီမှာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဥက္ကဌအဖြစ် တာဝန်ယူပြီး ပြည်ထဲရေးဝန်ကြီး ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ရဲချုပ် စတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ဖွဲ့စည်းခဲ့ကြောင်းနဲ့ ၂၁၀၅ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်တဲ့ဒေသတွေကို အကူအညီပေးခဲ့ကြောင်း ဦးဇော်ဋ္ဌေး က ပြောပါတယ်။

အဲ့ဒီကော်မတီရဲ့တာဝန်တွေက လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်စေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့၊ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တားဆီးကာကွယ်နိုင် ဖို့၊ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မူတွေကြောင့် ဆန္ဒပြမှုတွေဖြစ်လာရင် ပြည်သူ့အားနဲ့ တန်ပြန် ပြန်လည်ဆန္ဒပြဖို့ စတဲ့ အချက် ၁၁ ချက်နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်နေချိန်သာမက မဖြစ်ပွားသေးခင်အချိန်မှာပါ သတင်းအချက်အလက် မှန်တွေ ရရှိရေးအတွက် ပြည်ထဲရေး၊ ကာကွယ်ရေးစတဲ့ ဋ္ဌာနဆိုင်ရာတွေ အပြန်အလှန်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ အဲဒီပဋိပက္ခတွေဖြေရှင်းနိုင်ဖို့အတွက် ညွှန်ကြားချက်တွေ တစ်မိန့်တစ်သံထဲ ချမှတ်နိုင်ဖို့အတွက် ဗဟိုဦးစီးအဖွဲ့ကို ဖွဲ့စည်းရတာလို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဆန္ဒပြမှုတွေဖြစ်လာရင် ပြည်သူ့အားနဲ့ ပြန်လည်ဆန္ဒဖော် ထုတ်မှုနဲ့ ချေဖျက်ဖို့ဆိုတဲ့အချက်ကို ထည့်သွင်းထားတာဟာလည်း အုပ်စုတစ်ခုနဲ့တစ်ခု ထိပ်တိုက်တိုးစေဖို့ ဆိုတဲ့နည်းကို မရည်ရွယ်ဘဲ ပြည်သူကို ဆွဲဆောင်စည်းရုံးပြီး ပြည်သူ့အားနဲ့ ပြဿနာတွေကို ဖြေရှင်းစေဖို့ဖြစ် တယ်လို့ပြောပါတယ်။

ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖွဲ့စည်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။