အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့် ခွဲရေး ကော်မတီတွေ ဖွဲ့စည်း
2016.08.30

Photo: RFA
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ် ကာလစီမံခန့်ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။
ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆက်လက်ဖွဲ့စည်းနေ တာလို့ ရှမ်းပြည်နယ် ရဲချုပ် အောင်အောင်က ပြောပါတယ်။
"ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီး ဥက္ကဌအဖြစ်ဖွဲ့ထားတဲ့ အဖွဲ့အောက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအားလုံး ဖွဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့မဆိုင်ပဲနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင် ကျနော်တို့က အချိန်မီ ကိုင်တွယ်ထိန်းသိမ်းနိုင်အောင်ပါ" လို့ ပြောတာဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေနဲ့ ရဲချုပ်တွေ ပါဝင်တာဖြစ်ပါတယ်။
အဲ့ဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီကို ထပ်ဆင့်ဖွဲ့စည်းပြီး မြို့နယ်အလိုက် ဖွဲ့စည်းရာမှာ ဘာသာပေါင်းစုံ က ခေါင်းဆောင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဥက္ကဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဥက္ကဌ၊ ရဲချုပ်က အတွင်းရေးမှူးတာဝန်ယူထားပြီး အဖွဲ့ဝင်စုစုပေါင်း ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။