အလုပ်ရှင် အလုပ်သမား ဥပဒေမှာ ထောင်ဒဏ်ပါ ထည့်သွင်းစေလို
2014.11.02

အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ မှာ ငွေဒဏ်တင်မကပဲ ထောင်ဒဏ်တွေပါ ထည့်သွင်းပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ဝဝ ကျော်လောက် တာမွေမြိ့နယ် ကျိုက္ကဆံ အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်သူ က အခုပြဌာန်းထားတဲ့ဥပဒေဟာ အလုပ်သမားတွေ အတွက် မမျှတတဲ့ဥပဒေဖြစ်နေတာကြောင့် ထောင် ဒဏ်ပါထည့်သွင်းပြဌာန်းပေးဖို့ တောင်းဆိုတာ လို့ ပြောပါတယ်။
"အဓိက ဒီအငြင်းပွားမှှုပြဿနာကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ ထောင်ဒဏ်မပါလာဘူး၊ ငွေဒဏ်ပဲ ထပ်တိုးလိုက်တယ်၊ အရင် ၁ သိန်းဆိုတဲ့နေရာမျိုးမှာ ငွေဒဏ် ၅ သိန်းဆိုပြီးတိုးလိုက်တယ်၊ မမျှတတဲ့ ဥပဒေလို့ ကျနော်တို့မြင်တယ်လေ၊ အလုပ်သမားတွေဘက်က အရမ်းအခက်အခဲဖြစ်လာမယ်၊ အလုပ်ရှင်ကတော့ ပိုက်ဆံပေးပြီးတော့ သမဂ္ဂတွေကိုဖြိုမယ်၊ အလုပ်သမားတွေကို အနိုင်ကျင့်မယ်၊ ဒီတော့ ဒီအထဲကိုထောင်ဒဏ်ပါမှကို ကျနော်တို့ အဆင်ပြေမဲ့အနေအထားပါ"
ဆန္ဒပြသူတွေဟာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို လျော်ကြေးပေးပြီး အလုပ်မထုတ်ဖို့နဲ့ အလုပ်သမားအရေးကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးဖု့ိ စတာတွေ ကို တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေမှာ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ပြစ်မှုအပေါ် မူတည်ပြီးအနည်း ဆုံး ငွေဒဏ်ငါးသိန်းကနေ ဆယ်သိန်းအထိ ချမှတ်နိုင်ကြောင်း ပါရှိပါတယ်။
ဒီသတင်းကို သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြပေးထားပါတယ်။