စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ ဖျော်ဖြေမှုကို စစ်ကောင်စီတားမြစ်
2023.07.06

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ သီချင်းဖျော်ဖြေတာတွေကို ဇူလိုင်လ ၅ ရက်နေ့ကစပြီး ရပ်နားထားဖို့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားစာပို့ခဲ့တယ်လို့ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အဲဒီ ညွှန်ကြားစာမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆိုင်တွေကို စိစစ်တွေ့ရှိရင် ချိပ်ပိတ်သိမ်းဆည်းတာနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်မယ့်အကြောင်း ပါရှိတယ်လို့ ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက RFA ကို ပြောပါတယ်။
"အဓိကကတော့ ဖျော်ဖြေရေးလိုင်စင် လျှောက်ခိုင်းတာ ဖြစ်ဖို့များပါတယ်။ ဖျော်ဖြေရေး လိုင်စင်လျှောက်ရမယ်လို့တော့ ညွှန်ကြားစာမှာမပါပေမယ့် အဲဒီလို ကြားထားတယ်။ ဆိုင်မှာရှိတဲ့ တီးဝိုင်းတွေကိုပါ အခုခဏတော့ သိမ်းလိုက်ရတယ်"
အရက်နဲ့ ဘီယာကိုပဲ သီးသန့်ရောင်းချခွင့် ပြုထားတဲ့ စားသောက်ဆိုင် လိုင်စင်အပြင် နောက်ထပ်ဖျော်ဖြေရေး လိုင်စင်ကိုပါ ထပ်လျှောက်ရရင် အခက်အခဲရှိနိုင်တယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်လိုနေရာမှာတော့ စားသုံးသူအများစုဟာ ဖျော်ဖြေရေးကဏ္ဍထည့်သွင်းထားတဲ့ စားသောက်ဆိုင်တွေကိုသာ ရွေးချယ်လေ့ရှိတာကြောင့် အဲဒီကဏ္ဍပိတ်သိမ်းခံလိုက်ရတဲ့ အတွက် ဆိုင်ရဲ့ရောင်းအားလည်း ကျသွားနိုင်တယ်လို့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်မှာ ဖျော်ဖြေရေးကဏ္ဍပါ ပူးတွဲပါရှိတဲ့ စားသောက်ဆိုင်အများစုမှာလည်း တီးဝိုင်းနဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက ပိတ်သိမ်းထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာလည်း စားသောက်ဆိုင်တန်းတွေရှိရာ ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းပေါ်က အဆောက်အအုံကို အလုံပိတ်ပြီး တီးဝိုင်း သီချင်းဖျော်ဖြေရေးတွေပါတဲ့ စားသောက်ဆိုင်တချို့လည်း ဒီရက်ပိုင်းအတွင်းမှာ ပိတ်သိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တစ်ချို့မှာ တိုက်ပွဲတွေပြင်းထန်နေလို့ နေ့ရပ်စွန်ခွာ ထွက်ပြေးနေရသူတွေရှိနေသလို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြို့ကြီးတချို့မှာလည်း အာဏာသိမ်းပြီးစအချိန်က ခေတ္တရပ်ဆိုင်းသွားတဲ့ ဖျော်ဖြေရေးကဏ္ဍတွေ ပြန်လည်အားကောင်းလာတာလို့ မြို့ကြီးတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။