စစ်တွေကမ်းခြေက စားသောက်ဆိုင်တွေကို စစ်ကောင်စီဖယ်ရှားခိုင်း

RFA Burmese
2023.08.16
စစ်တွေကမ်းခြေက စားသောက်ဆိုင်တွေကို စစ်ကောင်စီဖယ်ရှားခိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဟိုတယ်ကမ်းခြေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် စစ်တွေဟိုတယ် ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင် ၁၆ ဆိုင်ကို ဩဂုတ် ၂၆ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီက ဖယ်ရှားခိုင်းထားတယ်လို့ ဆိုင်ရှင်တွေက RFA ကို ပြောပါတယ်။

စစ်တွေကမ်းခြေလမ်းဧရိယာကို တိုးချဲ့မယ်ဆိုပြီး မြို့နယ်စည်ပင်ကနေ ဆိုင်ရှင်တွေကို ခေါ်ပြီးပြောဆိုသလို ဖယ်ရှားပေးဖို့ အမိန့်စာလည်း ထုတ်ထားတယ်လို့ ဆိုပါတယ်။

ဒီဆိုင်တွေကိုပဲ အမှီပြုလုပ်ကိုင်စားသောက်နေရတာ ဖြစ်တာကြောင့် ဖယ်မပေးနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လုံးဝဖယ်မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကျူးကျော်ပြီး ဆောက်ထားတာမဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုံးက ကျွန်တော်တို့ကို ပေးခဲ့တာ။ အခု မဖယ်ပေးနိုင်တဲ့ အကြောင်းကို အစိုးရကိုလည်း စာတင်ထားတယ်”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဟိုတယ်ကမ်းခြေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဟိုတယ်ကမ်းခြေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

အဲဒီ စားသောက်ဆိုင်တွေဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အားလုံးပျက်စီးသွားခဲ့ပြီး အခုမှ ပြန်လည်ပြုပြင်ပြီးလို့ နာလန်ထူခါစအချိန်မှာ အခုလိုမျိုးဖယ်ရှားခိုင်းတာဟာ မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ဖယ်ရှားပေးဖို့ ထုတ်ထားတဲ့ အမိန့်စာမှာတော့ စစ်တွေဟိုတယ်ကမ်းခြေက အဲဒီဆိုင်ခန်းတွေဟာ ခွင့်ပြုချက်မရှိဘဲ ဆိုင်ခန်းတွေကို အသစ်ဆောက်လုပ် ပြုပြင်တိုးချဲ့တာ၊ အခိုင်အမာ ဆောက်လုပ်ရောင်းချနေတာတွေ့ရတာကြောင့် စည်ပင်သာယာရေးဥပဒေနဲ့အညီ အသိပေးအကြောင်းကြားစာတွေ ပို့ထားကြောင်း ပြောဆိုထားပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၃(က)၊(ခ)၊ ဥပဒေပုဒ်မ ၆၆(က)၊ (ခ) တို့အရ ဆောက်လုပ်ထားတဲ့ ဆိုင်တွေကို ဩဂုတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး အပြီးအစီး ဖယ်ရှားရှင်းလင်းရွှေ့ပြောင်းပေးဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။