တိုက်ပွဲနီးကပ်လာလို့ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ
2024.07.15

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးရွာအနီးကို တိုက်ပွဲတွေ နီးကပ်လာပြီး စစ်ကောင်စီတပ်က ရွာထဲမှာ အထိုင်ချတပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဘန့်ဘွေးရွာခံတွေက ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။
ဘန့်ဘွေးရွာဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နဲ့ ၁၉ မိုင်ကွာဝေးပြီး ပြင်ဦးလွင်-နောင်ချို ကားလမ်းပေါ်မှာ တည်ရှိပါတယ်။
စစ်ကောင်စီတပ်က ရွာထဲမှာ အထိုင်ချပြီး နောင်ချိုဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာလို့ ဘန့်ဘွေးရွာခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်က ဘန့်ဘွေးရွာထဲမှာ လက်နက်ကြီးတွေ အထိုင်ချပြီး နောင်ချိုဘက်ကို ပစ်နေတာ။ ရွာသားတွေ မရှောင်လို့ မရတော့ဘူး။ အခု အကုန်ပြေးနေရပြီ”
ဘန့်ဘွေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ တစ်သောင်းနီးပါး နေထိုင်တဲ့ရွာကြီး ဖြစ်ပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့နယ်အတွင်းက ရွာတွေကို တိမ်းရှောင်နေရပြီး အစားအသောက်နဲ့ နေထိုင်ရေး ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇွန် ၂၅ ရက်နေ့ကစလို့ “၁ဝ၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ ဇူလိုင် ၁၄ ရက်နေ့ ည ၁၂ နာရီကနေ ဇူလိုင် ၁၈ ရက်နေ့ထိ လေးရက်ကြာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြေညာချက်ထုတ်ပြန်ထားပါတယ်။