အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အစီရင်ခံစာ ထုတ်ပြန်ဝေဖန်


2014.09.25
equality-myanmar-305 ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားနေစဉ်
Photo: RFA

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေး တာ အားနည်းတယ်လို့ Equality Myanmar က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော် မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာတွေ အပေါ် ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားခဲ့တာ ဖြစ် ပါတယ်။

"အပစ်အခတ်ရပ်စဲရေးလုပ်တယ် ဒါပေမဲ့ လက်နက် ကိုင်တဲ့အဖွဲ့ ဟိုဘက်ဒီဘက်ရော ဦးရင်ဦးသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်၊ ဒါတွေကို စောင့်ကြပ်ဖို့အတွက် တိုင်ကြားနိုင်တဲ့ ယန္တရားတွေရှိဖို့ အတွက် ချိုးဖောက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဘယ်အဖွဲ့ကိုမဆို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက်က လူ့အခွင့်အရေးကော်မရှင်ရဲ့ အခန်းကဏ္ဍက အများကြီးအရေးကြီးပါတယ်၊ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင် ဘယ်လိုတိုင် ကြားမလဲဆိုတာ ယန္တရားက အဲဒီ့နေရာမှာ အဓိကပါဝင်နိုင်တာ  လူ့အခွင့်အရေးကော်မရှင် ဖြစ်ပါတယ်၊  လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းက အမှုတွေဆိုလို့ရှိရင် သူတို့ကိုယ်တိုင် တာဝန်မယူချင်ဘူးဆိုတဲ့ စိတ်ဓါတ်တွေတွေ့နေရတယ်၊ တကယ်ကို စိတ်မကောင်းဘူး၊ ဝမ်းနည်းတယ်"

အဲ့ဒီအစီရင်ခံစာမှာ မြေယာသိမ်းဆည်းမှုတွေ၊ သတင်းသမားတွေ အရေးယူခံရတာတွေ၊ တိုက်ပွဲတွေဖြစ်ပွားတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေက လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေ မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆင့်မြင့်အစိုးရအရာရှိ ၁၁ ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပေမဲ့ ကော်မရှင် ဥက္ကဌအဖြစ် ဦးဝင်းမြနဲ့ ဒုတိယဥက္ကဌအဖြစ် ဦးစစ်မြိုင် တို့က ဆက်လက်တာဝန်ယူထားဆဲဖြစ်ပါတယ်။

Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။