တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များထိပ်သီး အစည်းအဝေး ကျင်းပမည်
2015.09.18

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ NCA လတ်မှတ်ထိုးရေးမှာ မပါဝင်တဲ့ အဖွဲ့ ၆ ဖွဲ့ ကိစ္စအပါအဝင် အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေး ကိစ္စတွေကို ဆုံးဖြတ်ဖို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ဝင် မဟုတ်တဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကို လာမည့် စက်တင်ဘာ ၂၈ ရက်နေ့ မှာကျင်းပဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အဆင့်မြင့် ညှိနှိုင်းရေး EAOs’ Senior Delegation အစည်းဝေးကနေပြီး ဆုံးဖြတ်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူကျင်းပဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာနှစ်ရက်ကြာ ကျင်းပခဲ့တဲ့ စည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာလို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ဝင် ဦးနိုင်ဟံသာ က RFA ကို အခုလို ပြောဆိုပါတယ်။
"ဒီလ ၂၈/၂၉ /၃၀ရက်တွေ မှာ ကျနော်တို့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပါဖိတ်ပြီးတော့မှ ဒီကိစ္စကို အကျေအလည် ဆွေးနွေးမယ် ဆွေးနွေးပြီးတော့မှပဲ ဒီနေ့ဖြစ်ရှိနေတဲ့ ကိစ္စပေါ့လေ လက်မှတ်ထိုးနိုင် မထိုးနိုင် ကိစ္စကိုတော့ ပြန်ကြားမယ်။ သူတို့ဖယ်ထားတဲ့ ၆ ဖွဲ့ကိစ္စကတော့ ကျနော်တို့ကတော့ ကျေလည်အောင်တော့ ကိုယ့်ကြားထဲမှာလည်း တိုင်ပင်ရမယ် နောက်ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ အားလုံး စုစုစည်းစည်းနဲ့ ဖြစ်ဖို့ပေါ့နော် ဒါကြောင့် ဒီ SD ထဲမှာ မပါတဲ့အဖွဲ့တွေကိုပါ ဖိတ်ပြီးတော့မှ တကယ်လို့ နိုင်ငံရေးအရ ဆွေးနွေးမယ် ဒါမှမဟုတ် နောက်ပိုင်းကိစ္စတွေမှာ အလုပ်လုပ်မယ်ဆိုရင် ကျနော်တို့ အချင်းချင်းမှာ နားလည်မှု ပိုရှိအောင် ဆိုပြီးတော့မှ အဲ့လိုသဘောထားမျိုးပါ"
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချူပ်မှာ မပါဝင်ပဲကျန်နေခဲ့မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အပေါ် အာမခံချက်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ တင်ပြထားတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်းမရှိသေး တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေအကြား ကျေလည်မှု ရှိအောင် ဆွေးနွေးကြဖို့လိုအပ်နေလို့ အားလုံးပါဝင်နိုင်ရေးမူကို ဆွေးနွေးသွားဖို့လိုတယ်လို့ ဦးနိုင်ဟံသာ က ဆက်ပြောပါတယ်။
"ဒီနေ့အထိတော့ စွဲကိုင်ထားတုန်းပါပဲ ဒါပေမယ့်လည်း အန်ကယ်တို့ဖက်ကလည်း တဖက်က ညှိနှိုင်းနေတာပါ တရားသေကိုင်တာမဟုတ်ဘူးနော် ဒါပေမယ့် မပါတဲ့ အဖွဲ့တွေကို အာမခံချက်ရှိအောင် သူတို့ကို စစ်ရေးအရ ဥပမာ မတိုက်ခိုက်အောင် နိုင်ငံရေး ဆွေးနွေးတဲ့ အခါကြရင် ဘယ်လို ပါဝင်နိုင်အောင်လုပ်မလဲ အဲ့ဒီ နိုင်ငံရေး စစ်ရေးနဲ့ လူမှုရေးဆိုင်ရာပေါ့နော် သူတို့အတွက်က အခွင့်အရေး ဆုံးရှုံးမှုမရှိအောင်နဲ့ နစ်နာမှုမရှိအောင် အဲ့ဒါကို တောင်းထားတယ် အဲ့ဒီကိစ္စကတော့ တိကျတဲ့အဖြေ သမ္မတဖက်က ပေးလာတာ မရှိသေးဘူးဗျ အဲ့ဒီကိစ္စအပေါ်မှာ မကျေလည်သေးဘူး ဖြစ်နေတယ်"
ဒီအတောအတွင်းမှာပဲ ဝန်ကြီး ဦးအောင်မင်း က အပစ်အခတ်ရပ်စဲရေး စာချူပ်ချူပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်းစီကို လာမည့် စက်တင်ဘာ၂ဝ ရက်နေ့မှာ အဆုံးအဖြတ် ပေးနိုင်တဲ့သူ နှစ်ယောက်စီ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ရုံးကို ကိုယ်စားလှယ်တွေ တက်ရောက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချူပ် NCA လက်မှတ်ရေးထိုးမည့်ရက် သတ်မှတ်ဖို့နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ်ရေးထိုးရေး အတွက် ကျင်းပရေးကော်မတီ ဖွဲ့စည်းဖို့ ဖိတ်ခေါ်ထားပါတယ်။
အစိုးရကနေပြီး အခုလို တစ်ဖွဲ့ချင်းသီးခြားစီ စာပေးပို့ဖိတ်ခေါ်တဲ့အပေါ် အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD ခေါင်းဆောင်တွေက ဒီအစည်းအဝေးကနေပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သီးခြားစီမလုပ်သင့်ပဲ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ SD အဖွဲ့ရဲ့ သဘောထား တုန့်ပြန်စာ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။