တိုင်းရင်းသား ခေါင်းဆောင်တွေ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


2013.04.02

ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပါအဝင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ ဦးဆောင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ၂၁ ဦးဟာ ဂျပန်နိုင်ငံကို မနေ့က ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အဖွဲ့မှာပါတဲ့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့က ကိုမိုင်ကျော်ဦးက ပြောပါတယ်။

သူတို့ကို ဖိတ်ကြားခဲ့တဲ့ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်သလို တိုင်းရင်းသား နယ်မြေတွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာလည်း ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။

UNFC ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဟာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါကို မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ပြီးနောက်ပိုင်း ဖိတ်ကြားတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း UNFC ခေါင်းဆောင်တွေဟာ ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။

ခရီးစဉ်မှာပါသွားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။