တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲရလဒ်
2020.11.10
ဒီနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရမှု ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုတိုးတက်လာတဲ့ ပြည်နယ်တွေရှိသလို တချို့ ပြည်နယ်တွေမှာတော့ တိုးမလာပါဘူး။
မွန်၊ ရခိုင်နဲ့ ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေ ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက် ပွဲမှာ အနိုင်ရမှု အခြေအနေ ပိုမိုအားကောင်းလာပြီး ချင်းနဲ့ ကရင်ပြည်နယ် အခြေစိုက် ပါတီတွေကတော့ အားမ ကောင်းဘဲ ထင်သဘောက် အနိုင်မရခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကယားနဲ့ မွန်ပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲလောက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရတာဟာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု၊ တံတားတစ်စင်းကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးမှုတို့ကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ရှမ်းပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
“ကျနော်တို့ ကြိုတွတ်ထားသလိုပဲ ကယားမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူထုက မကြည်ဘူးပေါ့နော်၊ အဲဒါကြောင့်လည်း ကယားက နေရာတချို့ ရလာတာပေါ့၊ မွန်မှာလည်း တံတားကိစ္စ ရှိတယ်လေ၊ ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ ဇွတ်အတင်းလုပ်တဲ့ကိစ္စလေ၊ အဲဒါကြောင့်ရယ် မွန်ပါတီတွေ ပေါင်းလိုက်နိုင်တာကြောင့်လည်းပါမယ်”
ကရင်နဲ့ ချင်းအပါအဝင် တိုင်းရင်းသားနေရာတချို့မှာ NLD ပါတီ ဆက်လက် အနိုင်ရရှိတာကလည်း တိုင်းရင်းသားပါတီတွေက ပြည်သူတွေ ထောက်ခံလာအောင် နားလည်အောင် မရှင်းပြနိုင်တာ၊ တိုင်းရင်းသားတွေ ကိုယ်တိုင်က လူမျိုးမခွဲခြားဘဲ ပြည်ထောင်စု ဆိုတဲ့အသိကြောင့် မဲပေးတာလည်း ဖြစ်နိုင်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တိုင်းရင်းသားပါတီတွေ အတန်အသင့် အားကောင်းလာပြီး ထင်သလောက်တော့ အနိုင်မရခဲ့တာ ပါတီသက်တမ်းနုတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ရှမ်းရယ်၊ ရခိုင်ရယ်ကတော့ အားကောင်းဆဲပဲ၊ ရခိုင်ဆို ပိုအားကောင်းလာတယ် ပြောရမယ်၊ ရှမ်းကတော့ ပုံမှန်အတိုင်းပဲလို့ပြောရမယ်၊ ကယားက ၂၀၁၅ ထက် ပြီးခဲ့တဲ့ တစ်နှစ်နှစ်နှစ်ကမှ ထူထောင်တဲ့ပါတီ အားကောင်းလာတယ် ပြောရမယ်၊ မွန်လည်း အတန်အသင့် တိုးတတ်လာတယ် ပြောရမယ်၊ လုံးဝအားမကောင်းဘူးလို့ ပြောရမှာကတော့ ချင်းနဲ့ ကရင်ပဲ ရှိလိမ့်မယ်၊ ကချင်လည်း အတန်အသင့်တော့ တိုးလာတယ်။ သူတို့ပါတီလည်းဖွဲ့တာ မကြာသေးဘူးကိုး၊ အတန်အသင့်တော့ အားယူလာတာ တွေ့ရတယ်၊ တိုင်းရင်းသား ပါတီတွေက၊ သူတို့လည်းထင်သလောက်တော့ မပေါက်ခဲ့ဘူးပေါ့၊ ကချင်တို့၊ မွန်တို့က ချင်းတို့က ထင်သလောက် မပေါက်ဘူး”
လက်ရှိအချိန်ထိ မြို့နယ်တချို့ရဲ့ ရလဒ်ကိုပဲ ကြေညာနိုင်ပြီး အများစုကို မကြေညာနိုင်သေးချိန်မှာ အားလုံးအခြေအနေ မသိသေးတာကြောင့် တိတိကျကျ ပြောလို့မရသေးဘူးလို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။
မွန်ပါတီတွေပေါင်းထားတဲ့ မွန်ညီညွှတ်ရေးပါတီဟာဆိုရင် မွန်ပြည်နယ်မှာ ၁၁ နေရာနဲ့ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၁၂ နေရာအထိ နိုင်ထားတယ်လို့ ပါတီတွဲဘက်အတွင်းရေးမှူး နိုင်လယိတမက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ မွန်ပြည်နယ်က မဲဆန္ဒနယ်မြေတွေ အားလုံးရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာ မပြီးသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ရလဒ် ပိုကောင်းတယ်လို့ နိုင်လယိတမက မှတ်ချက်ပြုပါတယ်။
“၂၀၁၅တုန်းက ၂ ပါတီ ပြိုင်တာမှာ ၄ နေရာ ရခဲ့တယ်၊ ၂၀၂၀မှာကျတော ဒီနေ့အထိက ၁၂ နေရာ ဆိုတော့ ကျနော်တို့ သုံးပုံနှစ်ပုံလောက် အောင်မြင်မှု တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်၊ ၂၀၁၅ ထက်စာရင်တော့ ဒီရလဒ်က ကျေနပ်စရာပေါ့လေ၊ သို့သော် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ မျှော်မှန်းထားသလောက်တာ့ အောင်မြင်မှု မပြည့်ဝခဲ့ဘူးပေါ့”
မွန်ညီညွတ်ရေးပါတီဟာ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းတွေမှာ နေရာ ၆၂ နေရာဝင်ပြိုင်ခဲ့ပြီး မျှော်မှန်းသလောက်တော့ အနိုင်မရခဲ့ဘူးလို့ နိုင်လယိတမက ပြောပါတယ်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ဒေသတွင်းမှာ ၈ နေရာ အနိုင်ရရှိထားပါတယ်။ ဒါပေမဲ့ မျှော်မှန်းထားတာက ဒီထက်ပိုများတယ်လို့ KySDP ပါတီကနေ အမျိုးသားလွှတ်တော်အမှတ် ၈ ကနေ အနိုင်ရရှိခဲ့တဲ့ ခူးတူးရယ်က ပြောပါတယ်။
“ကယားပြည်နယ်မှာ တိုင်းရင်းသားပါတီတွေက ၃၄ နေရာ ဝင်ပြိုင်ပေမယ့် ၈ နေရာပဲ အနိုင်ရတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ တဝက်နီးပါးတော့ မရဘူး။ အနိုင်ရမှု အခြေအနေအများကြီး တက်လာတယ်။ ၂၀၁၅ ထက်စာရင် လူထုတွေရဲ့နိုင်ငံရေး အသိအမြင်နိုးကြားမှုက အများကြီးတက်ကြွလာတယ်။ ပြည်သူတွေ က တိုင်းရင်းသားပါတီတွေက ပါတီငယ်ဖြစ်လို့ အစိုးရမဖွဲ့နိုင်ဘူး။ တိုင်းရင်းသားပါတီငယ်တွေကို မဲပေးလိုက် ရင် စစ်တပ်ရဲ့လက်အောက် ပြန်ရောက်သွားမယ်ဆိုတဲ့ အတွေးတွေကြောင့် လူပုဂ္ဂိုလ်ကို မကြည်ဘဲ ပါတီကို ကြည့်ပြီး မဲပေးလိုက်တဲ့အခြေအနေတွေအပေါ် စိတ်မကောင်းဖြစ်မိတယ်”
ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ၉ ခုမှာ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပခဲ့တာ မရှိဘဲ မြို့နယ် ၈ ခုမှာသာ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ်တွေက စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ရမ်းဗြဲမြို့နယ်တွေ ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်မှာ ၇ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ရခိုင်မှာရွေးကောက်ပွဲကို မြို့နယ်တိုင်းမှာ မကျင်းပတာကြောင့် အနိုင်ရရှိတဲ့ရာခိုင်နှုန်းဟာ ၂၀၁၅ ထက် နည်းသွားပေမယ့် NLD ရဲ့ နယ်မြေတချို့မှာ ထောက်ခံမှု ပိုအားကောင်းခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
“NLD ကို ထောက်ခံတဲ့ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ အဲဒီလေးမြို့နယ်ထဲက မာန်အောင်နဲ့ တောင်ကုတ် ကို ကျနော်တို့က လုံးဝ အပြီးတိုင် ရလိုက်တယ်၊ နယ်မြေအားဖြင့် ပိုပိုတိုးလာတာပေါ့၊ လွှတ်တော်ရဲ့ရာခိုင်နှုန်း ကျဆင်းသွားတယ်၊ နယ်မြေသစ်တွေ ထောက်ခံတဲ့ နယ်မြေတွေ ပိုများလာတဲ့အတွက် ရှေ့လာမယ့် အနာဂတ် အလားအလာ ကျနော်တို့အတွက် တကယ်လို့သာ အပြည့်ရွေးကောက်ပွဲ လုပ်လာမယ်ဆိုရင် ပိုပြီးအင်အား ကောင်းလာနိုင်တယ်”
ကချင်ပြည်နယ်မှာဆိုရင်လည်း ကချင်တိုင်းရင်းသားပါတီတွေ စုပေါင်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီဟာ ၂၀၁၅ တုန်းကလို ၄နေရာပဲ အနိုင်ရရှိခဲ့ပေမယ့် ခိုင်လုံမဲ အရေအတွက်ကို ကြည့်လိုက်ရင် အားရစရာကောင်းတယ် လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။
“ဒီရွေးကောက်ပွဲရလဒ်အနေနဲ့တော့ ကျနော်တို့ နည်းပါတယ်၊ လေးယောက်ပဲ ရတယ်၊ ဒါပေမဲ့ ကချင်လူထုရဲ့ ထောက်ခံမှုက အဆမတန်မြင့်မားသွားပါပြီ၊ ၂၀၁၅ ထက်အခုအခြေအနေက အလွန်တရာမှ ရာခိုင်နှုန်းက အများကြီး ဖြစ်သွားပြီ ဆိုတာတော့ ပြောလိုပါတယ်”
KSPP ပါတီအနေနဲ့ မျှော်မှန်းထားသလောက် အနိုင်မရခဲ့ဘဲ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ မိုးမောက် စတဲ့မြို့နယ်တွေမှာ ပြည်နယ်လွှတ်တော်မှာ ၃ နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်အတွက် အင်ဂျန်းယန် တစ်နေရာ အနိုင်ရခဲ့တယ်လို့ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ကယားပြည်နယ်က မဲဆန္ဒနယ်မြေတွေ အားလုံးရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာ မပြီးသေးပါဘူး။
ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လက်ရှိအချိန်ထိ ပြည်ထောင်စုလွှတ်တော်အတွက် ၄၂ နေရာပဲ အနိုင်ရထားတယ်လို့ ပါတီတွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွှန့်က ပြောပါတယ်။
“ပြောရမယ်ဆိုရင်တော့ ၂၀၁၅ ရလဒ်အတိုင်းပဲ ရတယ်လေ၊ တိုးပြီးတော့ မရဘူးပေါ့ဗျာ၊ ကျနော်တို့ကတော့ ၂၀၁၅ ထက်ကျော်ပြီး ရမယ်လို့ မှန်းခဲ့တယ်၊ အခု မဖြစ်ဘူးပေါ့ဗျာ၊ ကျန်တဲ့ပြည်နယ်တွေ၊ ကျန်တဲ့ပါတီတွေ ထက် စာရင်တော့ ဘာပဲပြောပြော ကျနော်တို့ အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့နိုင်တယ်လို့ ပြောလို့ရပါတယ်”
လက်ရှိအချိန်ထိ တစ်ချို့မဲဆန္ဒနယ်တွေမှာ မဲရေတွက်နေတုန်းပဲရှိတာကြောင့် အပြီးသတ် မပြောနိုင်သေးပဲ ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော်မှာဆိုရင် SNLD နဲ့ အာဏရ NLD ပါတီတို့ကြား မဲကွာဟာမှုမရှိဘဲ အပြိုင်အဆိုင်ဖြစ်နေတယ်လို့လည်း စိုင်းကျော်ညွှန့်က ပြောပါတယ်။
ချင်းပြည်နယ်မှာတော့ ၃၆ နေရာ NLD က အနိုင်ရပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ( ZCD ) ပါတီက တွန်းဇံမြို့မှာ နှစ်နေရာနဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD က တစ်နေရာမှာပဲ အနိုင်ရခဲ့တာပါ။
ရွေးကောက်ပွဲရလဒ်ဟာ ချင်းပြည်နယ်မှာ မျှော်မှန်းထားသလို ဖြစ်မလာဘူးလို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD အတွင်းရေးမှူး ဆလိုင်းပီပီက ပြောပါတယ်။ ဟားခါးမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ( ၂ ) တစ်နေရာမှာပဲ အနိုင်ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“CNLD ပါတီအနေနဲ့ ကြိုတင်ပြင်ဆင်ချိန် နည်းခဲ့တာရယ်၊ ကပ်ရောဂါကာလအတွင်း စည်းရုံးရေးမဆင်းနိုင် ခဲ့တာအပြင် ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ်နိုင်သမျှ ကာလမှာပြည်သူတွေက သူ့ကို ပုံအောပြီး ယုံကြည်ကြတာကြောင့် မျှော်မှန်းထားသလောက် အနိုင်မရခဲ့တာ”
NLD ကတော့ တိုင်းဒေသကြီးတွေမှာ နေရာအားလုံးနီးပါး အနိုင်ရခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်းစတဲ့ပြည်နယ်တွေမှာ ၂၀၁၅ ထက်ပိုပြီး အနိုင်ရခဲ့တယ်လို့ ပါတီရဲ့ အောင်နိုင်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
“အားလုံးခြုံလိုက်ရင်တော့ တိုင်းရင်းသားနယ်မြေတွေမှာလည်း ၂၀၁၅ ထက် ပိုမိုပြီး အနိုင်ရရှိခဲ့တယ်လု့ိ ပြောလို့ရပါတယ်၊ ရခိုင်ပြည်နယ်ကတော့ ကျနော်တို့ ထူးခြားအခြေအနေကြောင့် အနိုင်ရရှိမှု နည်းတာပဲဖြစ်ပါတယ်”
၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်နယ်အလိုက် တိုင်းရင်းသားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရခိုင်တိုင်းရင်းသားပါတီ ANP က အနိုင်ရမှု အများဆုံးဖြစ်ပါတယ်။ ANP အနေနဲ့ ပြည်ထောင်စုအဆင့်မှာ ပြည်သူ့လွှတ်တော် ၁၃ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၀ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသားပါတီတွေက ဒုတိယအများဆုံးအနိုင်ရခဲ့ပြီး ပြည်ထောင်စုအဆင့်မှာ ပြည်သူလွှတ်တော်မှာ ၂၁ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၆ နေရာအနိုင်ရရှိခဲ့ပါတယ်။
ကယားနဲ့ ကရင်ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွော ပြည်ထောင်စုအဆင့်လွှတ်တော်မှာ တနေရာမှ အနိုင်မရခဲ့ဘဲ မွန်ပြည်နယ်မှာတေ့ာ မွန်ပါတီတွေက အမျိုးသားလွှတ်တော်မှာ ၁ နေရာ အနိုင်ရခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော်မှာ ၃ နေရာ၊ ချင်းပြည်နယ်မှာ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာ တိုင်းရင်းသားပါတီတွေက အနိုင်ရခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားပါတီတွေအနိုင်ရရှိမှု ဟာ ၁၀ ရာခိုင်နှုန်းရှိပြီး ပြည်သူ့လွှတ်တော်မှာ ၁၂ ရာခိုင်နှုန်းရှိပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရလဒ်တွေကို လာမယ့်ရက်တွေအတွင်း နေ့စဉ်ဆက်လက် ကြေညာသွားမှာပါ။
နေရာအများစုရဲ့ ရလဒ်မကြေညာနိုင်သေးတာကြောင့် ပါတီတွေက အနိုင်ရသူ အရေအတွက် အတိအကျကို ပြောလို့မရသေးပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားပါတီတချို့ဟာ ၂၀၁၅ ထက် မဲရရှိမှု ပိုမိုအားကောင်းလာတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)