တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၃ ဦး PR ကော်မရှင်ကနေ နှုတ်ထွက်


2014.07.11
dr-aye-maung-b305 ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
RFA

အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင် အထည်ဖော်မှု ကော်မရှင်မှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက်လိုက်ကြ တယ်လို့ သိရပါတယ်။

အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကော်မရှင်အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအေးမောင်က အခုလိုပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ကို မကိုက်ဘူး ဆိုတာကို အမျိုးသားလွှတ်တော်မှာ တင်လာကတည်း က ကျနော်တို့ပြောသားပဲ၊ တပ်မတော်သားတွေ ကလည်း ပြောတယ်၊ ဒါပေမဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ကတော့ မကိုက်ဘူးဆိုတာ မပြောရဘူး၊ လက်ရှိဖွဲ့စည်းပုံ ၂ဝဝ၈ ကို ကျနော်တို့က မပြင်ရသေးဘူး၊ အဲဒီကာလမှာ အဲဒီအဆိုဟာ တည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တယ်ဆိုရင် ဒီအဆိုကို တင်ခွင့်ပြုတဲ့ ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိသွားပြီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဖောက်ဖျက်ပြီးတော့မှ ဆွေးနွေးခွင့်ပြုတာ ကိုက ပြစ်မှုကြီးတစ်ခုဖြစ်သွားပြီ၊ ကော်မရှင်က အကောင် အထည်ဖော်ကို ဖော်ပေးရတော့မယ်ဆို ကျနော်တို့က သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး"

ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်၊ ဦးခင်မောင်လတ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းသန့်စင်တို့ ဖြစ်ပါတယ်။

PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနဲ့ ဖွဲ့စည်းထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦးလည်း ပြီးခဲ့တဲ့ဇွန်လက ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက် ခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာစနစ်ကျင့်သုံးပေးဖို့ အမျိုးသား ဒီမိုကရေစီအင်အားစုရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပေမဲ့ မဲခွဲဆုံးဖြတ်ရာ အဆိုအတည်ဖြစ် ပြီး အကောင်အထည်ဖော်မှု ကော်မရှင်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်မှာ မကြာခင် တင်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။