နိုင်ငံနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံပေါ်ထွက်လာဖို့ ကြိုးပမ်းနေကြောင်း ဒုသမ္မတ ပြော


2018.01.18
ethnic-sustainable-development-forum-622 နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးပွဲမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar President Office

အနာဂတ်နိုင်ငံနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင် ရွက်နေတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နေပြည်တော်က မင်္ဂလာသီရိဟိုတယ်မှာကျင်းပတဲ့ တိုင်းရင်း သားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားတာပါ။

အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင်၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာအောင်နဲ့ နိုင်ငံနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွက်လာစေဖို့ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ ကြိုးစားဆောင်ရွက်နေတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောတာဖြစ်ပါတယ်။

"ကျနော်တို့ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ တိုင်းရင်းသားဒေသများရဲ့ လူမှု၊ စီးပွား၊ ဘဝတွေ အမြန် ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေဖို့ အနာဂတ် မြန်မာနိုင်ငံနဲ့ ကိုက်ညီသင့်လျော်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ပေါ်ထွက်လာစေဖို့၊ ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်"

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုင်ငံနဲ့သင့်မြတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပြီး နှစ်ပတ်အကြာမှာ ဒုတိယသမ္မတက ထပ်ပြောတာပါ။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မအချို့ကို ပြင်ဆင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် အရေးပါတဲ့ ၅၉(စ)၊ ၄၃၆ စတဲ့ပုဒ်မတွေ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက်က  သဘောတူမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေကတဆင့် ကြိုးပမ်းမယ်ဆိုပြီး ပြောဆိုထားတာတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။