တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထိုးစစ်ရပ်ဖို့ ENC တိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပေါ် ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့နဲ့ တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လူမျိုးများကောင်စီ ENC က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

2011.06.12

ဇွန်လ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ နယ်စပ်တနေရာမှာ ပြုလုပ်ခဲ့တဲ့ ENC ရဲ့ (၆) ကြိမ်မြောက် ညီလာခံအပြီး ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ပြည်ထောင်စုစိတ်ဓာတ်အရ တိုင်းရင်းသားတွေအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ညီညွတ်ရေးကို တည်ဆောက်သွားဖို့ ဆန္ဒရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့တာကို ကြိုဆိုကြောင်းလည်း ENC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို လိုလားတယ်ဆိုရင် ပင်လုံစိတ်ဓာတ်ကို လေးစား အသိအမှတ်ပြုဖို့ လိုကြောင်း ENC အထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါးက RFA ကို ပြောပါတယ်။

“စိတ်ရင်းစေတနာ မှန်မှန်နဲ့ သွားမှပဲ ဒီ ပြည်ထောင်စုက တကယ်ဖြစ်လာမှာပါ။ ပင်လုံမှာ အခြေခံခဲ့တဲ့ ပင်လုံစိတ်ဓာတ်အတိုင်း လုပ်မှပဲ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမယ်လို့ ကျနော်တို့ ယူဆတယ်”

အချက် (၉) ချက်ပါ ENC ရဲ့ ကြေညာချက်ထဲမှာ ENC အဖွဲ့ဟာ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းလိုတဲ့ အာသီသ ရှိကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီကို ထောက်ခံ အားပေးသလို၊ ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ ပေါင်းစည်းခဲ့ကြတာကို ကြိုဆိုထောက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

သုံးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများကောင်စီ ENC ညီလာခံကို ကိုယ်စားလှယ်ပေါင်း ၄ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။