ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ဖို့ ဥရောပသမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ဒီနေ့ နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးပွဲဖြစ်လာဖို့ ချိတ်ဆက်ဖို့ ကြိုးစားနေတဲ့ အာဆီယံ နဲ့ အာဆီယံအထူးသံတမန်တို့ကိုလည်း ချီးကျုးဂုဏ်ပြုထောက်ခံကြောင်း ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာနေသလို ဒါဟာပြီးခဲ့တဲ့ ဧပြီလက စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လက်ခံပြီး ဆုံးဖြတ်ခဲ့ကြတဲ့ အာဆီယံ သဘော တူညီချက် ၅ ရပ်နဲ့လည်း ဆန့်ကျင်နေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်အင်အားတိုးချဲ့လာသလို ချင်းပြည်နယ်မှာလည်း ပုဂ္ဂလိက အဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးတာ အပါအဝင် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူလူထုတွေရဲ့ ဒီမိုကရေစီရရှိရေးအတွက် သဘောထား ဟာ ပြတ်သားခိုင်မာတာတွေ့ရသလို ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ရဲ့ တရားမဝင်မှုတွေကို ရှုတ်ချပြီး ပြည်သူနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို မသိရသေးပါဘူး။