မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့အတွက် ဥရောပသမဂ္ဂ ကူညီမည်
2013.03.06

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို သမိုင်းဝင်တဲ့ အပြောင်းအလဲတွေဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ EU က ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံအတွက် အကူအညီနဲ့ ကုန်သွယ်ရေးတိုးမြှင့်ပံ့ပိုးဖို့ ကတိပြုလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၀ ရက်ကြာ ဥရောပနိုင်ငံများ ခရီးစဉ်အတွင်း မနေ့က မတ်လ ၅ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာရှိတဲ့ အီးယူ ခေါ် ဥရောပနိုင်ငံများအဖွဲ့ အကြီးအကဲ Jose Manuel Barroso နဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ အီးယူက ချီးမွမ်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ Barroso က “ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ စတင်ခဲ့တဲ့ သမိုင်းဝင်လမ်းခရီးတလျှောက် အတူလက်တွဲ ဆောင်ရွက်သွားဖို့ ကတိပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို မြန်မာသမ္မတ ဦးသိန်းစိန် ပထမဆုံး လာရောက်လည်ပတ်တာဟာလည်း သမိုင်းဝင်ဖြစ်ရပ်တခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု အထူးခံစားခွင့် အခွင့်အရေး (Preferential Trade Status) ပြန်လည် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာနိုင်ငံဟာ ကုန်သွယ်မှု အထူးခံစားခွင့် အခွင့်အရေးရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံကနေ ဥရောပဈေးကွက်တင်ပို့တဲ့ ကုန်ပစ္စည်းတွေ အထူးအခွင့်အရေးခံစားခွင့် ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အစိုးရလက်ထက်မှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ များပြားခဲ့တာကြောင့် အဲဒီအခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူအနေနဲ့ ယူရိုငွေ သန်း ၁၅ဝ (အမေရိကန် ဒေါ်လာ ၁၉၅ သန်း) အကူညီပေးအပ်မယ့်အကြောင်းလည်း အီးယူအဖွဲ့က ကတိပေးလိုက်ပါတယ်။
အီးယူအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ Catherine Ashton ဟာမကြာခင်ကာလမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံရေး စာချုပ်တွေချုပ်ဆိုနိုင်ဖို့ လေ့လာမယ်လို့ဆိုပါတယ်။