ဥရောပ- မြန်မာ လူ့အခွင့်အရေးနဲ့ ကုန်သွယ်အခွင့်အရေး ဆွေးနွေး


2019.06.14
eu-622.jpg ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ နဲ့ မြန်မာအစိုးရအကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ။
Photo: MOFA

EU ဥရောပ သမဂ္ဂ နဲ့ မြန်မာအစိုးရအကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ မနေ့က ကျင်းပခဲ့ရာမှာ EU က မြန်မာနိုင်ငံကို လက်ရှိပေးအပ်ထားတဲ့ EBA (Everything But Arms) လက်နက်မှလွဲပြီး ကျန်ပို့ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် ဆက်လက်ပေးအပ်ရေး ကိစ္စနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို EU ဘက်က လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Eamon Gilmore အေးမွန် ဂီးလ်မိုး နဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင် တက်ရောက်ခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်အရ အဲဒီဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှုရှိရေး၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေထံ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး၊ သူတို့အတွက် အရေးပေါ်လိုအပ်မှုတွေ၊ ပြောင်းရွှေ့နေထိုင်ခွင့်၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ရပိုင်ခွင့် စတဲ့အချက်တွေ အပါအဝင် လူ့အခွင့်အရေး အခြေအနေတွေကို အကျယ်အပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံကူညီမယ်လို့လည်း EU ဘက်က ထပ်မံ အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေကို အခြေခံပြီး တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ပိုမိုရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး၊ အမုန်းတရားဖြန့်ချိမှု တိုက်ဖျက်ရေးနဲ့ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့် ရရှိရေးဆိုင်ရာ ဥပဒေတွေကို ပိုမိုကောင်းမွန်အောင် ပူးပေါင်းလုပ်ဆောင်ရေးတွေ အတွက်လည်း ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရအကြား သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေနဲ့ အညီ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းရေး၊ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးတွေကိုသုံးစွဲမှုနဲ့ အလုပ်လုပ်ကိုင်နိုင်ရန် အနည်းဆုံးအသက် ကန့်သတ်ချက်ဆိုင်ရာ နိုင်ငံတကာအလုပ်သမားညီလာခံ သဘောတူညီချက်မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ EU ဥရောပအဖွဲ့ဝင်နိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် EBA ဆက်လက် ရရှိရေးအပါအဝင် မနေ့က ဆွေးနွေးပွဲမှာပါဝင်တဲ့ အချက်တွေကို လာမယ့် ၂ဝ၂ဝ ခုနှစ် ပထမ ၆ လအတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။