မြန်မာ့လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်ကြောင်း အီးယူ ကြေညာချက် စစ်ကောင်စီကန့်ကွက်
2024.07.18

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေကို စိုးရိမ်တဲ့ ဥရောပသမဂ္ဂ နဲ့ နိုင်ငံတချို့ရဲ့ ပူးတွဲကြေညာချက်ကို ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၅ ရက်မှာ ဥရောပနိုင်ငံတွေက ကိုယ်စားလှယ်တွေကိုယ်စား ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေကို နိုင်ငံတစ်ဝန်း ချိုးဖောက်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေအများအပြားပါဝင်တဲ့ IDP ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူတွေကို ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူသားဒိုင်းအဖြစ် အသုံးချနေတာကို မကြာခင်က ရရှိတဲ့ သတင်းတွေအရ သိရှိရတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီက သူတို့အနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မေတ္တာရပ်ခံတဲ့ ပြည်တွင်း ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဖြန့်ဝေခွင့်တွေကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုတွေကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒါကြောင့် တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသဘောသက်ရောက်စေတဲ့ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့ရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။