ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု မရှိကြောင်း အီးယူစောင့်ကြည့်ရေး အဖွဲ့ ဝေဖန်


2015.11.10
eu-observation-press-620.jpg အီးယူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: RFA

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အီးယူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာ EU အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ကြိုတင်မဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မိမိတို့ အီးယူအဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စိုးရိမ်မကင်းဖြစ်နေရတာက မဲဆန္ဒနယ်မြေတွေပြင်ပမှာ နေထိုင် တဲ့ ကြိုတင်မဲတွေကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တွေ့ရှိရတာက ကျွန်တော်တို့ ပြောနေတဲ့ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကို တွေ့ရပါတယ်။ မဲဆန္ဒနယ်မြေအတွင်းက ကြိုတင်မဲပေးသူတွေရဲ့ မဲတွေကိုင်တွယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်တာကို တွေ့ရပါတယ်”

ဒါ့အပြင် မဲဆန္ဒနယ်မြေတွေ အပြင်မှာနေထိုင်သူတွေပေးတဲ့ ကြိုတင်မဲ စာရင်းတွေ အတိအကျကိုလည်း မသိရဘူးလို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို အချိန်မှန်မှန်ဖွင့်နိုင်ခဲ့တဲ့အပြင် မဲရုံမှာ တာဝန်ရှိသူတွေက အချိန်ပြည့်ရှိနေတာကြောင့် မဲရုံတွေနဲ့ မဲပေးတာဟာ ၉၅ ရာခိုင်နှုန်းအထိ ကောင်းမွန်တယ် လို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲကို အီးယူအဖွဲ့က လေ့လာသူ ၁၅ဝ လောက်နဲ့ မဲရုံပေါင်း ၅ဝဝ ကျော် ကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

အီးယူအဖွဲ့ရဲ့ ပဏာမတွေ့ရှိချက် အစီရင်ခံစာအကြောင်း RFA သတင်းထောက် မမိုးကလျာဦးက ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။