မြန်မာရဲတပ်ဖွဲ့ဝင် ငါးထောင်ကျော်ကို အီးယူ သင်တန်းစတင်ပေးအပ်
2013.11.14
အီးယူ ဥရောပသမဂ္ဂရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားငါးထောင်လောက်ကို အဓိကရုဏ်းနှိမ်နှင်းရေးသင်တန်း အပါအဝင် လူ့အခွင့်အရေး စံချိန်၊ စံနှုန်းနဲ့ကိုက်ညီတဲ့ သင်တန်းတွေကို ဒီလ နိုဝင်ဘာလကစပြီး သင်တန်းတွေ ပေးအပ်နေပြီ ဖြစ်ပါတယ်။
အဓိကရုဏ်းတွေကို ဖြေရှင်းတဲ့အခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံညွှန်းတွေနဲ့အညီ ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံရေးနဲ့လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးကိုကိုအောင်က ပြောပါတယ်။
လက်ရှိလေ့ကျင့်သင်ကြားပေးနေတဲ့ နှစ်ပတ်ကြာမြင့်မယ့်သင်တန်းကို ရဲအင်အား နှစ်ရာကျော် တက်ရောက်နေပြီး၊ ဥရောပသမဂ္ဂ အကူအညီနဲ့ ရန်ကုန်မြို့ မင်္ဂလာဒုံဘက်မှာ သင်တန်းပို့ချပေးနေတယ်လို့ သိရပါတယ်။ တစ်နှစ်ခွဲကျော်ကြာမြင့်မယ့် ဒီစီမံကိန်းအတွက် ဥရောပသမဂ္ဂက ယူရိုငွေဆယ်သန်း အသုံးပြုမယ်လို့ သိရပါတယ်။