ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်မှုအဆုံးသတ်ဖို့ မြန်မာကို အီးယူတိုက်တွန်း


2016.07.07
muslim-camp-622.jpg ရခိုင်ပြည်နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်နေတာတွေ အဆုံးသတ်ဖို့ EU ဥရောပ ပါလီမန်က ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

ကြမ်းတမ်းရက်စက်တဲ့ ဖိနှိပ်မှု၊ စနစ်တကျ နှိပ်စက်ချုပ်ချယ်မှု စတဲ့စကားလုံးတွေသုံးစွဲပြီး တိုက်တွန်းခဲ့တာ ဖြစ် ပါတယ်။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းရေး တောင်းဆိုဖို့ ဥရောပပါလီမန်က ဆုံးဖြတ်ခဲ့ပြီး၊ ဒီကိစ္စအပေါ် အလေးအနက်စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ တခြားနိုင်ငံတကာ လေ့လာ သူတွေကို ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်း ဝန်းကျင်ကို နေရာရွှေ့ပြောင်း ထည့်သွင်းထားတဲ့ စခန်းပေါင်း ၈ဝ ကျော်ကို သွားရောက်ခွင့်ပြုဖို့၊ လူမျိုးရေး ဘာသာရေး အမုန်းစကား၊ သွေးထိုးစကားတွေနဲ့ လှုံ့ဆော်နေသူတွေကို အရေးယူဖို့၊ ရိုဟင်ဂျာတွေအပေါ် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်လို့သော်၎င်း ခွဲခြား ဆက်ဆံမှုတွေကို တားဆီးတဲ့မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့လည်း ဥရောပပါလီမန် အမတ်တွေက တောင်းဆို ပါတယ်။

အခုလတ်တလောထွက်ရှိခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်မှာလည်း ရိုဟင်ဂျာတွေအပေါ် နိုင်ငံသားဖြစ် ခွင့် ငြင်းပယ်တာ၊ အဓမ္မခိုင်းစေတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဖော်ပြ ထားပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်းက ပြင်းထန်နက်ရှိုင်းတဲ့ အမုန်းတရား အခြေခံပဋိပက္ခတွေကို ဖြေရှင်းဖို့ ပိုင်းဖြတ် ထားကြောင်း မေလက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီပြဿနာအပေါ် ထိထိရောက်ရောက် မပြောဆိုနိုင်ဘဲ၊ အမည်နာမတွေကိုတောင် ရှောင်လွှဲပြောဆိုနေ ရကြောင်း ဝေဖန်ခံနေရတယ်လို့ AFP သတင်း ကဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။