EU အဖွဲ့ ဒုက္ခသည်စခန်း လာရောက်ကြည့်ရှု
2011.03.12
အခုအချိန်ကာလမှာ အာဖရိက မြောက်ပိုင်းနိုင်ငံတွေက ဆန္ဒပြမှုတွေနဲ့ ဒုက္ခသည် ကယ်ဆယ်ရေးတွေကိုပဲ တကမ္ဘာလုံးက အာရုံစိုက်နေပေမယ့် ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်စခန်းတွေ အရေးကိုလည်း EU အနေနဲ့ မျက်ခြေပြတ် မခံနိုင်ကြောင်း Ms. Georgieva က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂ဝ အတွင်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက နိုင်ငံရေးစစ်ရေး ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာ ဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ လက်ခံပေးခဲ့ကြောင်း၊ ဒီစေတနာကို EU က လေးစား တန်ဖိုးထားတယ်ဆိုတာ သူ့ခရီးစဉ်အတွင်း ပြောကြားမှာ ဖြစ်သလို ဒုက္ခသည်တွေ အနာဂတ်ခိုင်မာဖို့ အရှည်တည်တံ့မယ့် လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့လည်း ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ရှိကြောင်း သူက ပြောပါတယ်။
EU လူသားချင်းစာနာမှု အကူအညီပေးရေးဌာန အကြီးအကဲဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ပြီး EU က ကူညီ ထောက်ပံ့ထားတဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကူအညီပေးရေး ဌာနတွေကို လေ့လာသွားမယ်လို့ ဆိုပါတယ်။
Ms. Georgieva ဟာ ထိုင်းဝန်ကြီးချုပ် အဘိဆစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကာဆစ်တို့နဲ့လည်း တွေ့ဖို့ရှိပြီး ဒုက္ခသည်တွေ ပညာရေး၊ ဥပဒေရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေ လုပ်ကိုင်ခွင့်ပေးဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
EU ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ဟာ ထိုင်းနယ်စပ်က ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်အတွက် ၁၉၉၅ ခုနှစ်ကတည်းက အများဆုံး ထောက်ပံ့ခဲ့တဲ့ အလှူရှင်နိုင်ငံ ဖြစ်ပါတယ်။ အခု ၂ဝ၁၁ မှာ ထိုင်းနယ်စပ်အတွက် ဒေါ်လာ သန်း ၂ ရာကျော်နဲ့ မြန်မာပြည်တွင်းအတွက် ၁၈၂ သန်း ကူညီထားတယ်လို့ သိရပါတယ်။