မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များနှင့် EU သံအရာရှိများ တွေ့ဆုံဆွေးနွေး
2011.03.15

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်က ၁၀ နာရီက ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ရုံးမှာ အီးယူ နိုင်ငံများက သံအမတ်များနဲ့ တွေ့ဆုံပါတယ်။ ၁၂ နာရီအထိ အထွေထွေ အတွင်းရေးမှူးနဲ့ ဆွေးနွေးအပြီးမှာ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်များလည်း ရောက်လာကြတယ်လို့ ပြောပါတယ်။ အဲဒီမှာ ဆက်လက်ပြီးတော့ အားလုံး ပါဝင် ဆွေးနွေးကြတယ်လို့ အဲဒီလို ပြောပါတယ်။”
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးတယ်ဆိုတာ NLD ဘက်က သတင်းမထုတ်ပြန်ဘူးလို့ ပြောပါတယ်။
EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတာပါ။ ဒါနဲ့ ပတ်သက်လို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ တချို့က အရေးယူမှု ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားသလို၊ NLD ကလည်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါ စီးပွားရေးသမားတွေကို ပစ်မှတ်ထားအရေးယူတဲ့ မူဝါဒအပေါ် ပါတီရဲ့ သဘောထားထုတ်ပြန်ထားပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာ တပါတီချင်းရဲ့ သဘောထားတွေကို EU သံအရာရှိတွေကို ပြောပြခဲ့ကြတယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက RFA ကို ပြောပါတယ်။ ဒါ့အပြင် ဦးသုဝေက သူပြောလိုက်တဲ့ အကြောင်းအရာနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့အကြောင်း အရာကို အခုလိုပြောပါတယ်။
“ဒီ အီးယူတို့ လုပ်တဲ့ ကန့်သတ်ရေးဟာဖြင့်ရင် ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန် အန္တရာယ် များပါတယ်၊ အဲဒါကြောင့်မို့လို့ လူထုရဲ့ ကိုယ်စား ကျွန်တော်တို့ကတော့ မေတ္တာရပ်ခံပါတယ်။ ဒါကို ပြန်လည် စဉ်းစားပြီးတော့ ရုပ်သိမ်းပေးပါ ဆိုပြီး ကျွန်တော်က အဲဒါကို စပြောပါတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ သူတို့ရဲ့ သုံးသပ်ချက်အရပေါ့နော်၊ တိုင်းပြည်အတွက်ကို ထိခိုက်တယ် ဆိုတာတွေကလည်း ရှိပါတယ်၊ သို့သော်လည်းပဲ လူထုကို ထိခိုက်တဲ့ အပိုင်းတွေက နည်းတယ်ပေါ့နော်။ Sanction လုပ်တာက လူထုအတွက် ထိခိုက်တတ်တာ မဟုတ်ပါဘူး။ အဲဒီတော့ သက်ဆိုင်ရာကိုတော့ဖြင့်ရင် ကန့်သတ်တဲ့ sanction မျိုးတော့ဖြင့် ထပ်ပြီးတော့ ထားသင့်တယ်လို့ သူကတော့ တင်ပြတာပေါ့နော်။”
ဒီနေ့တွေ့ဆုံပွဲမှာ EU ကိုယ်စားလှယ်တွေက အယောက် ၂၀ လောက်ဖြစ်ပြီး၊ ပါဝင် ဆွေးနွေးခဲ့ကြသူတွေကတော့ အရေးယူမှု ပြန်လည် ရုပ်သိမ်းဖို့ တောင်းဆိုထားကြတဲ့ ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ၊ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးဦးလှစော၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီက ဦးစောသန်းမြင့်နဲ့ မွန်ဒီမိုကရေစီပါတီက ဦးနိုင်ငွေသိမ်းတို့ ဖြစ်ပါတယ်။