နိုင်ငံရေးမလုပ်ဘူးလို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာပြော


2013.11.28
khinnyunt-305.jpg ရန်ကုန်မြို့၊ ကန်တော်ကြီး ကရဝိတ်ခန်းမမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နဲ့ အင်တာဗျူးဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဦးခင်ညွန့်ကို မြင်ရစဉ်
photo: RFA/ Nya Myo Htun

ယခင်စစ်အစိုးရလက်ထက်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က နိုင်ငံရေးလုံးဝလုပ်မှာ မဟုတ်ဘူးလို့ ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်အကြောင်း တွေ့ဆုံမေးမြန်းထားချက်တွေကို စုစည်းပြီး Quality Publising House က စာအုပ်အဖြစ်ထုတ်ဝေလိုက်တဲ့အတွက် ကန်တော်ကြီး ကရဝိတ်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးပြောကြားခဲ့တာပါ။

လူငယ်တွေ ဦးစီးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောပါတယ်။

“နိုင်ငံရေးထွက်လုပ်တောမယ်လို့ သတင်းဌာနတချို့က ကျနော့်ကိုရေးနေကြတယ်၊ ကျနော်က အသက်အရွယ်လည်းရလာပြီ၊ နိုင်ငံရေး လုပ်ရမယ့် အခြေအနေမျိုး၊ အချိန်အခါမျိုး ကျနော်တို့အရွယ် မဟုတ်တော့ပါဘူး၊ ကျွမ်းကျင်တဲ့လူငယ်တွေ၊ ပညာတတ်တွေ အများကြီးရှိတယ်၊ သူတို့ကနေ တိုင်းပြည်အတွက် ဆောင်ရွက်သွားကြမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီနေရာကနေပြီးတော့မှ နိုင်ငံရေး ဘယ်တော့မှ မလုပ်ပါဘူးဆိုတာ ကျနော်အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်”

ယခင်စစ်အစိုးရနဲ့ ပတ်သက်တဲ့ ဝေဖန်ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး ဦးခင်ညွန့်က ဒီကိစ္စတွေဟာ အစိုးရအဖွဲ့အားလုံးမှာ တာဝန်ရှိတဲ့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်စွပ်စွဲပြောဆိုဖို့ မသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Quality Publising House က ထုတ်ဝေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ အင်တာဗျူးဆိုတဲ့ စာအုပ်တစ်အုပ်ကို ငွေကျပ် ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။