နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲ ကျင်းပ
2011.11.12

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဒေါ်နော်အုံးလှက အခုလို ပြောပြပါတယ်။
“မနက် ၉ နာရီခွဲကျော်မှာ သိမ်ဆင်းလောင်းပြီးတော့ ၁ဝ နာရီကျော်မှာ အခမ်းအနား စပါတယ်။ အခမ်းအနားဖွင့်၊ ငါးပါးသီလ ခံယူ၊ ပရိတ်တရားနာပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် ဆုတောင်းပွဲ လုပ်ပါတယ်”
သိက္ခာထပ်ခံ ရဟန်းတော်တွေထဲမှာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ၁၉၉ဝ သပိတ်မှောက် ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိ ရွှေဘုံးပွင့်ဘုရားကျောင်း ဆရာတော် ဦးသြဘာသနဲ့ ဦးဝိစိတ္တ တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမ်းအနားမှာပဲ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေ မိသားစု ၄၃ စုအတွက် စာအုပ်စာတမ်း၊ အင်္ကျီနဲ့ တခြားပစ္စည်းတွေ လှူဒါန်းတဲ့ပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အခမ်းအနားမှာ မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခက ရွှေတကျပ်သားနဲ့ ထုလုပ်ထားတဲ့ ခွပ်ဒေါင်းပုံပါ “သူရသတ္တိဆု” တံဆိပ်ကို NLD ခေါင်းဆောင် ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဦးဝင်းတင်ဟာ ၁၉၈၈ အရေးတော်ပုံ ကာလက စပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် အားသွန်ဆောင်ရွက်ခဲ့ပြီး ကိုယ်တိုင်လည်း နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရတဲ့အပြင် ထောင်က လွတ်မြောက်လာချိန်မှာလည်း NLD အဖွဲ့ချုပ်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ အဲဒီလို စွဲစွဲမြဲမြဲ သတ္တိရှိရှိ လုပ်တဲ့အတွက် အခုလို “သူရသတ္တိဆု” ကို ချီးမြှင့်တာဖြစ်ကြောင်း စာသင်တိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
အစီအစဉ် နောက်ဆုံးအနေနဲ့ ဆရာတော် ဦးပါမောက္ခက အနုမောဒနာ တရားချီးမြှင့်ပြီး သိက္ခာထပ် သိမ်တက်မင်္ဂလာပြုပွဲကို နေ့လည် ၁၂ နာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် ကျောင်းသားတွေ အပါအဝင် အလွှာအသီးသီးက နိုင်ငံရေး အင်အားစုတွေ တက်ရောက်တယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |