ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ


2014.12.05

မြန်မာ့ပညာရေးကို ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရင် အတိတ်ကမှားခဲ့တဲ့ အမှားတွေအတိုင်း ဆက်မှားဖို့ရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမူနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပညာရေးလောက အငြိမ်းစားဝါရင့်ဆရာကြီးများက သုံးသပ်သွားပါတယ်။

စာတမ်းဖတ်ပွဲကို ဒီကနေ့   နာရေးကူညီမူအသင်းရန်ကုန်မှာပြုလုပ်ရာ  စာတမ်းဖတ်ကြားသူတစ်ဦးဖြစ်တဲ့ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့က ဒေါက်တာသိန်းလွင်က ခုလိုပြောပါတယ်။

"ကျနော်တို့ ပညာရေးနဲ့ သက်ဆိုင်တဲ့လူတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးဖြတ်ပိုင်ခွင့်တွေ အဲ့ဒါကို ပညာရေးဥပဒေက ခွင့်ပြုထားမှဖြစ်မယ်၊ ပညာရေးဥပဒေက ခွင့်မပြုပဲနဲ့ ချုပ်ကိုင်တာပဲလုပ်မယ်ဆိုရင် ဘာမှမထူးဘူး၊ မနက်က ဆရာကြီး ဒေါက်တာတင်အောင်ကတောင် အဲ့ဒါပြောသွားတယ်၊ အစိုးရက ဗဟိုကချုပ်ကိုင်ပြီးတော့ အကုန်လုံးလျှောက်လုပ်တော့ သူတို့လုပ်ရမယ့်အလုပ်က ကြောင်ရေချိုးတဲ့ အလုပ်တစ်ခုပဲ ကျန်တော့တယ်၊ ဗဟိုကပဲအကုန်လုံးလုပ်တော့ ကျန်တဲ့လူတွေပါဝင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ တီထွင်ဖန်တီးခွင့်တွေ အကုန်လုံးဆုံးရှုံးတယ်"

ဒီစာတမ်းဖတ်ပွဲမှာ ပညာရေးလောက ဝါရင့် အငြိမ်းစားဆရာကြီးများဖြစ်တဲ့ ဒေါက်တာတင်အောင်၊  ဒေါက်တာ ဦးသိန်း၊ ဒေါက်တာတင်လှိုင် တို့အပြင် ဆရာများသမဂ္ဂနဲ့ ၈၈ ပွင့်လင်းအဖွဲ့ဝင်များအပြင် ဒေါက်တာ ညိုညိုသင်း၊ ဒေါက်တာ သိန်းလွင်၊ ဒေါက်တာရန်မျိုးသိမ်း၊  ဒေါက်တာအောင်ခင်ဆင့် တို့လည်း တက်ရောက်ဆွေးေနွေးကြပါတယ်။

စာတမ်းဖတ်ပွဲကို  ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီးဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းအထိ ဆက်လက်ပြုလုပ်သွားတာဖြစ်ပါတယ်။

ဒီစာတမ်းဖတ်ပွဲနဲ့ ပတ်သက်လို့ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့က ဒေါက်တာသိန်းလွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။