ဝန်းသိုမှာ လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးသေ ခြောက်ဦးဒဏ်ရာရ
2023.09.12

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ တောင်ဘို့လှရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က မပေါက်ကွဲဘဲကျန်နေတဲ့ လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာက ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးတွေ ဆော့ကစားနေတဲ့နေရာအနီးမှာ မပေါက်ကွဲဘဲကျန်နေတဲ့ ၆၀ မမ ဗုံးသီးကို ကလေးတစ်ဦးက တုတ်နဲ့ရိုက်လိုက်ရာကနေ ပေါက်ကွဲပြီး သေဆုံးထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဝမ်းဗိုက်နဲ့ ဦးခေါင်း ပွင့်ထွက်ပြီး နေရာမှာတင်သေဆုံးသွားသလို ကျန်တဲ့ ကလေးငယ်ခြောက်ဦးကတော့ လက်နဲ့ခြေထောက်တို့မှာ ဒဏ်ရာရခဲ့တယ်လို့ အမည်အဖော်လိုတဲ့ ဝန်းသိုမြို့ခံတစ်ဦးက ပြောပါတယ်။
"ကလေးတွေ ဆော့နေတဲ့နေရာနားမှာ အဲဒီဗုံးကိုတွေ့လို့ ယူဆော့ကြတာပေါ့။ ကလေးအုပ်စုထဲက တစ်ယောက်က တုတ်နဲ့ရိုက်လိုက်တာ၊ နေရာမှာပဲ ပေါက်ကွဲပြီး ကလေးလည်း တစ်ခါတည်း ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေက ခြောက်ထောက် ဖြတ်လိုက်ရတဲ့သူပါတယ်၊ ခြေသလုံးနဲ့ ကျောပြင်တွေမှာ ဒဏ်ရတဲ့သူတွေပါတယ်"
ဒဏ်ရာရတဲ့ ကလေးခြောက်ဦးကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီဗုံးသီးဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့အထဲက မပေါက်ကွဲဘဲကျန်နေတဲ့ ဗုံးသီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဝန်းသိုမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရွာပေါင်းဆယ်ရွာခန့်က ဒေသခံ နှစ်ထောင်နီးပါးဟာ စစ်ကြောင်းတွေ ရွာထဲဝင်တာတာကြောင့် နေ့ဘက် ရွာမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး ညဘက်ကို လုံခြုံစိတ်ချရတဲ့ တခြားရွာတွေနဲ့ တောတွေထဲမှာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။