မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လှုံ့ဆော်တဲ့သတင်းတွေနောက်ကွယ် မြန်မာ့တပ်မတော်ရှိနေတယ်လို့ တိုင်းသတင်းစာ ဖော်ပြ
2018.10.15
မြန်မာနိုင်ငံက Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး လှုံ့ဆော်နေတဲ့ သတင်းတွေရဲ့နောက်ကွယ်မှာ မြန်မာ့တပ်မတော်ရှိနေတယ်လို့ နယူးယောက် တိုင်းသတင်းစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ထင်ရှားကျော်ကြားသူတွေရဲ့ Facebook အကောင့်တွေထဲကို ဝင်ရောက်ပြီး ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေက ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပုံ ဓါတ်ပုံအတုတွေ ဖေါ်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ လူမှုမီဒီယာကို ထိုးဖေါက်တဲ့လုပ်ငန်းမှာ လူ ၇၀၀ လောက်အထိ အသုံးပြုနေတယ်လို့လည်း ဖေါ်ပြပါတယ်။
တနင်္လာနေ့ကတော့ အဲဒီလုပ်ငန်းမှာ ပါဝင်နေတဲ့ အကောင့် ၁၀ ခု နဲ့ စာမျက်နှာ ၁၃ မျက်နှာကို တွေ့ရှိခဲ့လို့ ပယ်ဖျက်ခဲ့တယ်လို့ Facebook က ဖော်ပြခဲ့ပါတယ်။ အဲဒီစာမျက်နှာတွေမှာ ပုံမှန် ဝင်ရောက်ကြည့်ရှုသူပေါင်း တစ်သန်းခွဲ နီးပါးရှိတယ်လို့ သိရပါတယ်။
Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေ၊ သတင်းမှားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်အရေးယူတဲ့ နေရာမှာ မြန်မြန်ဆန်ဆန် မဆောင်ရွက်နိုင်ခဲ့ကြောင်း Facebook က ပြီးခဲ့တဲ့ သြဂုတ်လက ဝန်ခံပြောဆိုခဲ့ပြီး၊ မြန်မာစစ်ဗိုလ်ချုပ် တချို့ရဲ့ အကောင့်တွေကို ဖယ်ရှားခဲ့ကြောင်းလည်း ပြောပါတယ်။