အမုန်းတရားတွေ Facebook က ပြန့်ပွားနေဆဲ


2018.08.15
facebook-user-622.jpg facebook သုံးနေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

အမေရိကန်ပြည်ထောင်စု အခြေစိုက် Facebook ကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့လူမှုကွန်ရက်ကို အသုံးချပြီး အမုန်းစကားပြန့်ပွားနေတာကို စုံစမ်းထောက်လှမ်းဖို့ Business for Social Responsibility ခေါ်တဲ့ ပြင်ပ ကုမ္ပဏီတစ်ခုကို ငှားရမ်းလိုက်ပါတယ်။

ဒီအတောအတွင်း Facebook ပေါ်မှာ အမုန်းစကားတွေဖော်ပြတာကို သုံးသပ်ဖို့ မြန်မာစကား တတ်ကျွမ်းသူတွေ ဒါဇင်နဲ့ချီ ထပ်ပြီးငှားရမ်းထားတယ်လို့ Facebook ထူထောင်တဲ့ Mark Zuckerberg က အထက်လွှတ်တော် အမတ်တွေကို ဒီနှစ် ဧပြီလကပြောခဲ့ပေမယ့် ခု လေးလကြာလာချိန်ထိ မွတ်စလင်တွေကို တိုက်ခိုက်တဲ့ မုန်းတီးစကားတွေ Facebook မှာ တွေ့နေရတုန်းပဲလို့ ရိုက်တာ သတင်းဌာနက မနေ့က ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတင်ပဲ Facebook မှာ ရိုဟင်ဂျာ ဒါမှမဟုတ် တခြားမြန်မာ မွတ်စလင်တွေကို တိုက်ခိုက်တဲ့ အရေးအသားတွေ၊ မှတ်ချက်တွေ၊ ပုံတွေနဲ့ ဗွီဒီယိုတွေ တစ်ထောင်ကျော်ကို ရိုက်တာသတင်းဌာနက နမူနာပြစရာ တွေ့ရတယ်လို့ ဆိုပါတယ်။

၂ဝ၁၂ ခုမှာ မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်သူက စုစုပေါင်း လူဦးရေရဲ့ ၁ ဒဿမ ၁ % ပဲရှိခဲ့ပြီး အရပ်သား တပိုင်း အစိုးရက ၂ဝ၁၃ မှာ ဆက်သွယ်ရေးစနစ်ချုပ်ကိုင်တာကို ဖြေလျှော့လိုက်တဲ့အတွက် ၂ဝ၁၆ ခုနှစ်မှာ လူဦးရေ ထက်ဝက်နီးပါးဟာ မိုဘိုင်းဖုန်းဝယ်ကြတဲ့အခါ အများစုက အင်တာနက် ချိတ်နိုင်တဲ့ဖုန်းကို ဝယ်ပါတယ်။

၂ဝ၁၂ ခုဇွန်လမှာ ရခိုင်ပြည်နယ်အရေးအခင်း ဖြစ်ပွားချိန်မှာ ရိုဟင်ဂျာဆန့်ကျင်ရေးတွေ Facebook မှာ ပေါ်လာပြီး အမျိုးဘာသာသာသနာ အုပ်စုတစ်စုဆိုရင် ကုလားခေါင်းဖြတ်ရေးဂိုဏ်းဆိုတဲ့ စာမျက်နှာပါ ဖွင့်လာပါတယ်။

facebook ကိုသုံးပြီး အမုန်းစကားတွေဖြန့်၊ သတင်းမှားတွေလွှင့်၊ facebook သုံးစွဲသူ အကောင့်အတုတွေ လုပ်ပါတယ်။ ဒါကို နည်းပညာအဖွဲ့အစည်းတွေ သုတေသီတွေက အမုန်းစကားအတွက် အသုံးချနေတယ်ဆိုတာ facebook ကို သတိပေးပါတယ်။

၂ဝ၁၄ မှာ facebook မှာ ဗမာစကားတတ်တဲ့လူ တစ်ယောက်ပဲရှိပြီး ၂ဝ၁၅ မှာ လေးယောက်ရှိလာပါ တယ်။ မြန်မာနိုင်ငံမှာ facebook သုံးတဲ့လူက အဲဒီတုန်းက ၇ သန်း ၃ သိန်း ရှိပါတယ်။

သုံးသူတွေက ဗမာလိုဖော်ပြတာမို့ အင်္ဂလိပ်ဘာသာပြန်တဲ့အခါ လွဲနေတဲ့ပြဿနာလည်း facebook က ကြုံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။