စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ Facebook အစီရင်ခံစာမှာ ဖော်ပြ

2022.07.15
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ Facebook အစီရင်ခံစာမှာ ဖော်ပြ Facebook သရုပ်ပြပုံ။
Photo - AFP

Meta လို့ အမည်ပြောင်းထားတဲ့ Facebook ကုမ္ပဏီက ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကျယ်တဝင့် ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်ဟာ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သလို လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးနှိမ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို Facebook အနေနဲ့ အရေးပေါ်အဖြစ် သတ်မှတ်စောင့်ကြည့်ခဲ့သလို အွန်လိုင်းခြိမ်းခြောက်မှုတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

Facebook အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကောင့် စာမျက်နှာပေါင်း ၂ဝ ကျော်ကို ပိတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာ၊ မြန်မာ့ရုပ်မြင်သံကြား စာမျက်နှာ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းစာမျက်နှာတွေကို Facebook ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ အွန်လိုင်းသုံးစွဲမှု အခြေအနေ လုံခြုံရေးအတွက် ကိုယ့်ရဲ့ စာမျက်နှာကို သော့ခတ်ထားလို့ရတဲ့ Lock Profile စနစ်ကိုလည်း Facebook က လုပ်ပေးခဲ့ပါတယ်။

Facebook ကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ၊ အီသီယိုးပီးယား၊ မက္ကဆီကို၊ အာဖဂန်နစ္စတန်နိုင်ငံတွေကို အန္တရာယ်ကျရောက်တဲ့ နိုင်ငံတွေအဖြစ် ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။