ရိုဟင်ဂျာအရေး ဂမ်ဘီယာတောင်းဆိုချက် Facebook ပယ်ချ
2020.08.06
ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရေးသားချက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုတာကို Facebook ကုမ္ပဏီက ပယ်ချလိုက်ပါတယ်။
ဖေ့စ်ဘွတ်ကုမ္ပဏီထံကနေ အဲဒီအချက်တွေကို ရရှိရေးအတွက် ဂမ်ဘီယာနိုင်ငံက ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ် က အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ဆက်သွယ်ရေးကုမ္ပဏီလုပ်ငန်းတွေအနေနဲ့ မိမိတို့သုံးစွဲသူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးခြင်းကနေ ပိတ်ပင်ထားတဲ့အတွက် ဂမ်ဘီယာရဲ့ တောင်းဆိုချက်ကို ပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တရားရုံးကို တိုက်တွန်းခဲ့ပါတယ်။
ဖေ့စ်ဘွတ်ကုမ္ပဏီက ဂမ်ဘီယာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်တွေဟာ အင်မတန်ကျယ်ပြန့်ပြီး မိမိတို့ ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ အကောင့်စာရင်းတွေ၊ အချက်အလက်တွေကို အကန့်အသတ်မရှိ ရယူရာကျတဲ့အတွက် အဲဒီ တောင်းဆိုချက်ကို ပယ်ချလိုက်ကြောင်းပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း က ဒါဟာကြိုဆိုရမယ့်ဆုံးဖြတ်ချက်ပဲလို့ RFA ကို ပြောပါတယ်။
“ဒါဖေ့စ်ဘွတ်က သူ့ policy နဲ့သူ မှန်မှန်ကန်ကန် သူ့ဘာသာဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ဂမ်ဘီယာရဲ့ ရည်ရွယ်ချက်ကိုလဲ ကျနော်တို့က သိတာကိုးဗျ။ ဖေ့စ်ဘွတ်ပေါ်တက်တဲ့ဟာတွေကို အခြေခံပြီးတော့ ဥပဒေကြောင်းအရ နိုင်ငံတနိုင်ကို တရားရင်ဆိုင်တဲ့အခါမှာ ဒါကိုအသုံးပြုဖို့ရည်ရွယ်တယ်ဆိုကထဲက သူ့ရဲ့ မူလရည်ရွယ်ချက်ကိုက မမှန်ကန်ဘူးဆိုတာ သိသာတယ်လေ။ ကျနော်တို့ ICJ မှာ ရင်ဆိုင်နေတယ်ဆိုတာလဲ ကျနော်တို့ ဥပဒေကြောင်းအရ ကျနော်တို့မှာ တာဝန်ရှိတဲ့အပေါ်မှာ ကျနော်တို့က ခိုင်ခိုင်မာမာ မားမားမတ်မတ် ရပ်တည်ပြီးတော့ အဖြစ်မှန်ကိုဖွင့်ချဖို့ ရင်ဆိုင်ဖို့အတွက် ဥပဒေဘောင်အတွင်းက လုပ်နေတာဖြစ်တယ်”
ဖေ့စ်ဘွတ်ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေနဲ့ အမုန်းတရား နဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်း နဲ့ ကုလသမဂ္ဂ ဖွဲ့စည်းထားတဲ့ UNIIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
ကိုဖီအာနန်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်ကတော့ သိသင့်သိထိုက်တဲ့ အချက်တွေကို ကာယကံရှင်တွေက လိုလိုလားလား ထုတ်ပြန်ပေးတာက အားလုံးအတွက် ပိုမိုအကျိုးရှိပါလိမ့်မယ်လို့ ဝေဖန်ပါတယ်။
“ဖြစ်နေတဲ့ကိစ္စရပ်တွေကို ကျနော်တို့ အသိအမှတ်ပြု ဝန်ခံပြီးတော့ စုံစမ်းစစ်ဆေးရေးတွေလဲ လုပ်နေပြီလေ၊ ကာယကံရှင်အနေနဲ့ မိမိရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ သိသင့်သိထိုက်တာတွေကို ပြောမယ်ဆိုရင် ပိုပြီးတော့ နှစ်ဖက်အတွက် အဆင်ပြေမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကာယကံရှင်ရဲ့ သဘောတူညီမှုမရှိဘဲ အဲဒီလို ဖေ့စ်ဘွတ်ကဲ့သို့သော အဖွဲ့အစည်းတခုကနေပြီးတော့ ဒီလိုထုတ်ဖော်ပြောလိုက်မယ်ဆိုရင် တဖက်လူအတွက်က သူ့ရဲ့တရားရေးမှာ သူလုပ်နေတဲ့အဆင့်ဆင့်မှာ ဘယ်လို အကျိုးသက်ရောက်မှု ဘာရှိတယ်ဆိုတာ ကျနော်တို့က မခန့်မှန်းနိုင်ဘူးလေ။ အဓိကအချက်ကတော့ ပြည်သူတွေမှာ သိခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို မချိုးဖောက်မိစေဖို့ပါပဲ။ နောက်တခါ ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကို ဝန်ခံအသိအမှတ်ပြုပြီးနောက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကြောင်းကိုရောက်အောင် ကျနော်တို့ ဝိုင်းဝန်းပြီး အားပေးပြီးတော့ ဖေးမလုပ်ကိုင်ကြရင် ပိုကောင်းမယ်လို့ထင်ပါတယ်”
လန်ဒန်အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် ညွန်ကြားရေးမှူး ဦးကျော်ဝင်း ရဲ့ သဘောထားကိုလည်း RFA က မေးမြန်းခဲ့ပါတယ်။
“ဒီဖေ့စ်ဘွတ်ဆိုတာကလည်း သူ့ရဲ့အကျိုးစီးပွားကိုသူတို့ကြည့်ပြီး မြန်မာပြည်မှာသူတို့ရဲ့ serviceကို ဆက်လက်သွားနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ သူတို့ဆက်ဆံရေးမဆုံးရှုံးချင်ဘူးလို့ ကျနော်မြင်တယ်။ ဒီအချက်ကို အလေးထားမယ်ထင်တယ်။ ဒါပေမဲ့ အရေးကြီးတာက ဒီ Genocide ကျူးလွန်ထားတဲ့အရာက နိုင်ငံတကာ နိုင်ငံတိုင်းမှာ လူတိုင်းမှာတာဝန်ရှိတယ်။ ဒါကို အကောင်အထည်ဖော်ဖို့အတွက်။ ဒါကို ဖေ့စ်ဘွတ်အနေနဲ့ မပျက်ကွက်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ လက်ရှိလဲ UNIIMM နဲ့ ဖေ့စ်ဘွတ်က လက်တွဲလုပ်တယ်လို့လည်း ဆိုတယ်။အဲဒါကိုကြိုဆိုပါတယ်”
အခုလို ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တုံ့ပြန်ချက်ကို လတ်တလော မသိရသေးပါဘူး။