Facebook ရေးသားချက်များကို ၂၄ နာရီ စောင့်ကြည့်မည်
2014.07.08

အင်တာနက်လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ် (Facebook) ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက်ရေးသား မှုတွေ လျော့နည်းသွားအောင် ဖေ့စ်ဘွတ်တာဝန် ရှိသူတွေ က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရေးသား ချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့်သွားမယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေ ချိန်မှာ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတွေ ဟာ ဖေ့စ်ဘွတ်ကုမ္ပဏီဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ ဖေ့စ်ဘွတ် တာဝန်ရှိသူ (၃) ယောက် ကို မြန်မာနိုင်ငံအတွက် တာဝန် ပေးထားတယ်လို့ သိရ ပါတယ်။
အမေရိကန် ဖေ့စ်ဘွတ်ကုမ္ပဏီနဲ့ အစိုးရတို့ သဘောတူညီချက်အရ လုပ်ငန်းစဉ် ၃ရပ်ချမှတ်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
"သဘောတူညီချက်ပေါ့နော် ရေတိုရယ်၊ အလယ်အလတ်ရယ် နောက် ရေရှည်ရယ် လုပ်ဆောင်သွားမယ်လို့ ပူးပေါင်းဆောင်ရွက်သွားမဲ့ဟာ လုပ်ငန်းစဉ် ၃ ရပ်ပေါ်ထွက်လာပါတယ်၊ ထွက်လာတော့ ရေတိုအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံက User တွေသုံးနေတဲ့ ဖေ့စ်ဘွတ်မှာ သွေးထိုးလှှုံ့ဆော်မှှုတွေ လျော့ကျ သွားအောင် ဖေ့စ်ဘွတ်ရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒနဲ့ အညီပေ့ါလေ တည်းဖြတ်တာတွေ၊ ကန့်သတ်တာတွေ ဒါမျိုးတွေလုပ်ဖို့ ဆွေးနွေးပါတယ် နောက်ဖေ့စ်ဘွတ်ရဲ့ သဘောအရ သူတိုူ့မှာက သူ့ရဲ့ ပေါ်လစီကတော့ အကောင့်အတုတွေပေါ့နော် နာမည်ဝှတ်တွေနဲ့ သုံးတာတာ သူတို့က ခွင့်မပြုဘူးနော် အဲ့ဒါမျိုးနဲ့ သူတို့ မူဝါဒနဲ့ညှိတယ်၊ ကျနော်တို့နဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ဟာတွေကို ဆွေးနွေးပြီး အဲ့ဒါမျိုးတွေနဲ့ သူတို့ဘက် ကလည်း ကူညီလုပ်ဆောင်ပေးသွားမယ်"
ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့ အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ်တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
ဖေ့စ်ဘွတ်အပြင် နောက်ထပ် ကမ္ဘာကျော်အိုင်တီ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဂူဂယ်လ် (Google) ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။