စက်ရုံအတော်များများ ပိတ်တယ်ဆိုတာမဟုတ်
2018.07.22
ရန်ကုန်တိုင်းအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ်စက်ရုံတွေ အပါအဝင် စက်ရုံ ၁၄ ရုံ ပိတ်သိမ်းသွားခဲ့တယ်ဆိုတာ မှန်ကန်မူမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က ထုတ်ပြန်လိုက်ပါတယ်။
ပိတ်သိမ်းသွားပြီလို့ သတင်းထွက်ပေါ်နေတဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ်စက်ရုံ ၆ ရုံကို စိစစ်ကြည့်ရာမှာ စက်ရုံတစ်ရုံသာ အပြီးပိတ်သိမ်းသွားတာတွေ့ရတယ်လို့ CTUM အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင် က ပြောပါတယ်။
"United Knitting Myanmar ခြေအိတ်စက်ရုံ၊ Popular အထည်ချုပ်စက်ရုံပေါ့နော်၊ ဒီစက်ရုံ ၂ ရုံကတော့ ကျမတို့ပိတ်တာလည်း မတွေ့ရဘူး၊ ပြောင်းသွားတာလည်း မတွေ့ရဘူး၊ နောက် Success Time ဖိနပ်စက်ရုံ၊ North Shore အထည်ချုပ်စက်ရုံ၊ ပုလဲ အထည်ချုပ်စက်ရုံကတော့ သူတို့က ပြောင်းရွှေ့တာ ဖြစ်ပါတယ်၊ အပြီး ပိတ်သိမ်းသွားတာ မဟုတ်ဘူးပေါ့နော်၊ နောက်စက်ရုံတစ်ရုံဖြစ်တဲ့ ChamZon အထည်ချုပ်စက်ရုံကတော့ လွန်ခဲ့တဲ့ ၅ လ ၆ လတည်းက ပိတ်သွားတယ်၊ အော်ဒါမရလို့ လို့ သိရတယ်၊ ဒီစက်ရုံ ၆ ရုံကို စိစစ်တဲ့အခါမှာ အဲဒီအနေအထား တွေ့တယ်ပေါ့နော်"
ပြီးခဲ့တဲ့ မေလကစပြီး ၂ လကျော်အတွင်းမှာ ရန်ကုန်တိုင်းအတွင်းက စက်ရုံ ၁၄ ရုံ ပိတ်သိမ်းသွားခဲ့တာကြောင့် အလုပ်သမား ၃၇၀၀ လောက် အလုပ်လက်မဲ့ဖြစ်သွားရတယ်ဆိုပြီး စာရင်းပြုစုထားတဲ့ အချက်အလက်တွေကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က သူရဲ့ လူမှုကွန်ရက်အင်တာနက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ခဲ့တာ ဖြစ်ပါတယ်။
CTUM က စုစုပေါင်း အလုပ်သမား ၃၂၀၀ ကျော် ခန့်ထားနိုင်တဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ်စက်ရုံ ၆ ရုံရဲ့ အခြေအနေကို စိစစ်ပြီး တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာလို့ မခိုင်ဇာအောင် က ပြောပါတယ်။
ဒါ့အပြင် အလုပ်သမား အယောက် ၃၈၀ ရှိတဲ့ ChamZon အထည်ချုပ်စက်ရုံဟာလည်း အနည်းဆုံးအခကြေး ငွေနှုန်းထားသစ် မသတ်မှတ်သေးခင် ပြီးခဲ့တဲ့ ၆ လဝန်းကျင်ကတည်းက ပိတ်သိမ်းသွားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကျန်တဲ့ စက်ရုံတွေကတော့ မြန်မာနိုင်ငံသားပိုင် SME လုပ်ငန်းတွေ အများစုဖြစ်ပြီး ဝါးဟားဟား ရေခဲမုန့် စက်ရုံ ဟာလည်း တောင်ဒဂုံကို ရွှေ့သွားတယ်လို့ သိရပြီး မိကျောင်း ပီနံအိတ် စက်ရုံတစ်ခုပဲ ပိတ်သိမ်းသွားတယ် ဆိုတာ အတည်ပြုနိုင်သေးတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာတဲ့ တင်ခဲ့တဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို RFA က မေးမြန်းရာမှာ စက်မှုဇုန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီးမှသာ ပြောနိုင်မှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အထည်ချုပ်စက်ရုံတွေအနေနဲ့ ကုန်ထုတ်လုပ်စရိတ် ကြီးမြင့်လာတာကြောင့် လုပ်ငန်းရပ်မသွားအောင် ကြိုးစား နေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။